မြန်မာနိုင်ငံရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများဖြစ်သော ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်း၊ ကုန်ထုတ်လုပ်မှု လုပ်ငန်း၊ ၀န်ဆောင်မှုလုပ်ငန်းများနှင့် ကိုယ်စားလှယ်ရုံး လာရောက် ဖွင့်လှစ်ထားသော နိုင်ငံခြားကုမ္ပဏီအချို့ လုပ်ငန်းစတင် တိုးချဲ့ရန် ပြင်ဆင်နေပြီး ပင်မကုမ္ပဏီ ရုံးချုပ်များထံမှ နိုင်ငံ ခြားသားဝန်ထမ်းများ စေလွှတ်လျက်ရှိကြောင်း နိုင်ငံခြားကုမ္ပဏီ အသိုင်းအ၀ိုင်းထံမှ သတင်းရရှိသည်။
“မြန်မာပြည်ထဲမှာ ရှိနှင့်ပြီးသား နိုင်ငံခြားကုမ္ပဏီ လုပ်ငန်းတွေ လုပ်ငန်းတိုးချဲ့ဖို့ ပြင်ဆင်နေကြတယ်။ အသစ်ဝင်ရောက်လာမယ့် လုပ်ငန်းတွေ၊ အမှတ်တံဆိပ်တွေလည်း ရှိတယ်။ ကိုယ်စားလှယ်ရုံး တွေကိုလည်း တိုးချဲ့ဖွင့်လှစ်ဖို့ လုပ်နေကြပါတယ်။ ကုမ္ပဏီရုံးချုပ်တွေ ကလည်း ဒီမှာလုပ်ငန်းတိုးချဲ့ရင် လိုအပ်မယ့် စီမံခန့်ခွဲမှုဝန်ထမ်းနဲ့ ကျွမ်းကျင်ဝန်ထမ်းတွေကို စေလွှတ်ပေးတာမျိုးတွေ ရှိနေပါပြီ။ ဒီကအခြေအနေကို ကြည့်ပြီး လုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ လည်ပတ်သွားဖို့ ပြင်ဆင်နေတာပါ”ဟု နိုင်ငံခြားကုမ္ပဏီ တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားပါသည်။
မြန်မာနိုင်ငံတွင် ပြုလုပ်လျက်ရှိသော စီးပွားရေးပြုပြင် ပြောင်းလဲမှုများနှင့် နိုင်ငံရေး အခြေအနေများကြောင့် နိုင်ငံခြားလုပ်ငန်းများအနေ ဖြင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန် စိတ်ဝင်စား လာခြင်းဖြစ်ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မြင့်တက်လာစေရန် ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေး မူဝါဒ၊ ကုန်သွယ်ရေးမူဝါဒ၊ ရင်းနှီး မြှုပ်နှံမှုမူဝါဒများကို ခေတ်နှင့်လျော်ညီအောင် ပြင်ဆင်နိုင်ရန် လိုအပ်ကြောင်း၊ ထိုသို့ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်ပါက သယံဇာတ အခြေခံနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှ ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုအခြေခံ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသို့ ပြောင်းလဲလာမည် ဖြစ်ကြောင်း စီးပွားရေးပညာရှင်များ က ထင်မြင်သုံးသပ်ပါသည်။
နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးဖို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက အရေးကြီးတယ်။ မြန်မာမှာ နိုင်ငံခြားလုပ်ငန်းဆို မကောင်းဘူးဆိုတဲ့ အစွဲရှိနေတာ ဖျောက်နိုင်ဖို့လိုတယ်။ အစောပိုင်းမှာ နိုင်ငံခြားလုပ်ငန်းတွေရဲ့ လုပ်ငန်းလိုအပ်ချက်အရ ကျွမ်းကျင်ပြီးသား နိုင်ငံခြားသားဝန်ထမ်းတွေ ပါလာမှာဖြစ်ပေမယ့် . . . |
ထို့ပြင် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ နှင့် စပ်လျဉ်းသည့် မြေအသုံးပြုခွင့် အမိန့်ကြော်ငြာစာနှင့် နိုင်ငံခြားငွေဆိုင်ရာ အမိန့်ကြော်ငြာစာတို့အရ ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုဆိုင်ရာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ၀င်ရောက်နိုင်ရန်နှင့် လုပ်ငန်းများတိုးချဲ့နိုင်ရန် အထောက်အကူ ပြုနိုင်သည်ဟု အဆိုပါ အသိုင်းအ၀ိုင်း က ထင်မြင်ယူဆကြောင်း သိရသည်။
“မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနိုင်တဲ့ နိုင်ငံရေး၊ စီးပွားရေးတည်ငြိမ်မှုရှိရင် နိုင်ငံစုံကော်ပိုရေးရှင်းတွေ ၀င်လာတော့မှာပါ။ ဒီလိုဝင်လာရင် နည်းပညာတွေ ပါလာမယ်၊ စီမံခန့် ခွဲမှု ပညာတွေပါလာမယ်၊ နိုင်ငံတကာ စီးပွားရေး အတွေ့အကြုံတွေပါ လာမှာဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံခြားလုပ်ငန်းတွေ ၀င်ရောက်မှုနဲ့ အတူ တတ်ကျွမ်းပြီးသား နိုင်ငံခြားသား ၀န်ထမ်းတွေ ၀င်လာမယ်။ မြန်မာဝန်ထမ်းတွေ၊ အလုပ်သမားတွေလည်း အလုပ်အကိုင်တွေ ရလာမယ်။ လုပ်ခ လစာတွေ၊ ၀င်ငွေတွေရလာမှာပါ။ နိုင်ငံခြားလုပ်ငန်းတွေ ၀င်လာရင် ကြိုဆိုရမှာပါ။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးဖို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက အရေးကြီးတယ်။ မြန်မာမှာ နိုင်ငံခြားလုပ်ငန်း ဆိုမကောင်းဘူးဆိုတဲ့ အစွဲရှိနေတာ ဖျောက်နိုင်ဖို့လိုတယ်။ အစောပိုင်းမှာ နိုင်ငံခြားလုပ်ငန်းတွေရဲ့ လုပ်ငန်း လိုအပ်ချက်အရ ကျွမ်းကျင်ပြီးသား နိုင်ငံခြားသားဝန်ထမ်းတွေ ပါလာမှာ ဖြစ်ပေမယ့် မြန်မာဝန်ထမ်းတွေရဲ့ အရည်အချင်း ပြည့်မီလာတာနဲ့အမျှ အစားထိုးနေရာ ၀င်ယူနိုင်မှာပါ။ ဒါ ကြောင့် မြန်မာလုပ်ငန်းတွေရော လူ့အဖွဲ့အစည်းပါ ကိုယ့်အရည်အချင်း ကို စဉ်ဆက်မပြတ် မြှင့်တင်နေဖို့ လိုတယ်။ မြန်မာနိုင်ငံရဲ့လတ်တလော အခြေအနေတွေအရ နိုင်ငံခြားလုပ်ငန်းတွေ ၀င်လာရင် အောက်ကလူက အလုပ်တွေရမယ်၊ အလယ်ကလူက အတွေ့အကြုံရမယ်၊ အပေါ်ပိုင်းက နည်းပညာရမှာ ဖြစ်ပါတယ်”ဟု ပါမောက္ခ ဒေါ်လှမြင့်က ရှင်းပြပါသည်။
ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ၀င်ရောက်မှုကို ကြိုဆိုသင့်ကြောင်း၊ ယှဉ်ပြိုင်နိုင် စွမ်းတိုးတက်မှုနှင့်အတူ ဈေးကွက် စီးပွားရေးစနစ် ပိုမိုပီပြင်လာနိုင်မည် ဖြစ်သောကြောင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုမဟုတ်သည့် စီးပွားရေး လုပ်ကိုင်မှုပုံစံများ လျော့နည်းသွားမည်ဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ပါသည်။
ပါမောက္ခ ဦးမော်သန်းကလည်း “အစိုးရရဲ့ စီးပွားရေးပြုပြင်ပြောင်း လဲမှုတွေ၊ နိုင်ငံတကာ ဆက်ဆံရေးတွေ အဆင်ပြေလာတာနဲ့အမျှ နိုင်ငံ ခြားလုပ်ငန်းတွေဝင်လာမှာပါ။ အထူး သဖြင့် ကုန်ထုတ်လုပ်မှု၊ ၀န်ဆောင်မှု၊ ကုန်သွယ်မှုလုပ်ငန်းတွေ ပိုဝင်လာနိုင်တယ်။ အရင်လို သယံဇာတဘက် မှာချည်းမြှုပ်နှံဖို့ ကြိုးစားမှာ မဟုတ် ဘူး။ အခုသူတို့ဝင်လာဖို့ စိတ်ဝင်စားလာပြီ၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ဖို့ ပြင်ဆင်လာကြပြီ။ တစ်ဖက်မှာလည်း အစိုးရကသူတို့ ၀င်လာချင်အောင် ပြု ပြင်ပြောင်းလဲဖို့သင့်ပါတယ်။ ဥပမာ မူဝါဒတွေ ကောင်းတယ်၊ ကြိုဆိုပါ တယ်လို့ပြောပေမယ့် လျှပ်စစ်တို့၊ လမ်းတို့၊ ဆက်သွယ်ရေးတို့လို အခြေခံ အဆောက်အဦတွေ မကောင်းဘဲ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ ရင်းနှီး မြှုပ်နှံဖို့မဖြစ်နိုင်ဘူး။ ဒါကြောင့် အားလုံးကို အဘက်ဘက်က အချိန်ကိုက် ပြင်ဆင်နိုင်အောင် ကြိုးစားသင့်တယ်။ နိုင်ငံတကာက လက်ခံနိုင်တဲ့ စနစ်ရှိဖို့၊ စည်းကမ်းရှိဖို့၊ ကျင့်ဝတ်ရှိ ဖို့လိုပါတယ်”ဟု ထင်မြင်ချက်ပေးပါသည်။
No comments:
Post a Comment