၁၉၉၁ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား သားဖြစ်သူက ငြိမ်းချမ်းရေးနိုဗယ်ဆုကို လက်ခံရယူနေစဉ် (Photo:AP)
ယခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဗယ်ဆုကို လိုက်ဘေးရီးယားမှ သမ္မတ အလန်ဂျွန်ဆင်ဆာလိဖ်နှင့် ငြိမ်းချမ်းရေးလှုပ်ရှားသူ လေမာဘိုဝီ၊ ယီမင်မှ လူ့အခွင့်အရေးလှုပ်ရှားသူ ဂျာနယ်လစ် တာဝါကူလ်ကာမင်းန်တို့ ပူးတွဲဆွတ်ခူးခဲ့ကြောင်း နိုဗယ်ဆု ရွေးချယ်ရေးကော်မတီက အောက်တိုဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။
ယင်းအမျိုးသမီးသုံးဦးသည် အမျိုးသမီးများ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် အကြမ်းမဖက် အနုနည်းဖြင့် တိုက်ပွဲဝင်မှု၊ ငြိမ်းချမ်းရေး ဖြစ်တည်ရန်ကြိုးပမ်းမှုတွင် အမျိုးသမီးများ၏ အပြည့်အ၀ပါဝင်ခွင့်ဆိုသော အမျိုးသမီးအခွင့်အရေးအတွက် တိုက်ပွဲဝင်မှုတို့ကြောင့် ချီးမြှင့်ရခြင်းဖြစ်ကြောင်း နော်ဝေအခြေစိုက် ကော်မတီက ထုတ်ပြန်သည်။
ယခုနှစ် နိုဗယ်ငြိမ်းချမ်းရေးဆုအတွက် အာရပ်နွေဦးဖြစ်စဉ်တွင် အဓိကနေရာမှ ပါဝင်ခဲ့သူများရရှိမည်ဟု မျှော်လင့်ခဲ့ကြသော်လည်း ယီမင်မှ တာဝါကူလ်ကာမင်းန် တစ်ယောက်သာ အာရပ်နွေဦးနှင့် တိုက်ရိုက်ပတ်သက်သူများအနက်မှ ဆုရသူဖြစ်ခဲ့သည်။ အောက်တိုဘာလ ၁၀ ရက် နေ့တွင် စီးပွားရေးနိုဗယ်ဆုကို ထုတ်ပြန်မည်ဖြစ်သည်။
လူ့အဖွဲ့အစည်း၏ အလွှာစုံတွင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် အမျိုးသမီးများသာ အမျိုးသားများနည်းတူအခွင့် အရေးမရခဲ့ပါက ဒီမိုကရေစီနှင့် အရှည်တည်တံ့သော ငြိမ်းချမ်းရေးတို့ ရရှိမည်မဟုတ်ဟု ကော်မတီက သုံးသပ်ခဲ့သည်။ အဆိုပါ ငြိမ်းချမ်းရေး နိုဗယ်ဆုနှင့်ပတ်သက်၍ ၁၉၉၁ ခုနှစ် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်း စုကြည်က လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အားပေးထောက်ခံမှုကို အဓိကထား ရွေးခြင်းဖြစ်ကြောင်း၊ အဆိုပါကိစ္စရပ်မှာ ကောင်းမွန်ပါကြောင်း သုံးသပ်ပြောကြားခဲ့ပါသည်။
''အမျိုးသမီးတွေ တော်တယ်။ ငြိမ်းချမ်းရေး နိုဗယ်ဆုဆိုတာကတော့ အမျိုးမျိုးပေါ့နော်။ နောက်ပြီး နိုဗယ်ဆုပေးပုံပေးနည်းကလည်း နှစ်တွေ ကြာလာတဲ့အခါ နည်းနည်းပါးပါး ပြောင်းလာတာလည်း ပါတာပေါ့။ အခုနှစ်တွေပိုင်းမှာဆိုရင်တော့ သတိထားမိတာက လူ့အခွင့်အရေးနဲ့ ပတ်သက်လို့၊ ဒီမိုကရေစီနဲ့ပတ်သက်လို့ အားပေးထောက်ခံတဲ့သူတွေကို အဓိကထားပြီး ရွေးကြတာပေါ့။ အဲဒါလည်း ကောင်းတယ်လို့မြင်တယ်လေ'' ဟု ဒေါ်အောင်ဆန်းစုကြည်က Eleven Media Group ၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့ပါသည်။
ယခုရွေးချယ်မှုသည် နိုင်ငံအမြောက်အမြားတွင် အမျိုးသမီးများအပေါ် ဖိနှိပ်မှုများအဆုံးသတ်ရေး ကူညီပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းနှင့် အမျိုးသမီးများက ကိုယ်စားပြုဆောင်ရွက်ပေးနိုင်သော ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး မဟာအရှိန်အဟုန် ကို နားလည်လက်ခံစေနိုင်လိမ့်မည်ဟု ကော်မတီက ထုတ်ပြန်သည်။ သုံးဦး ပူးတွဲဆွတ်ခူးခဲ့ခြင်းနှင့်အတူ ၁၉၀၁ ခုနှစ်က စတင်ချီးမြှင့်ခဲ့သော ငြိမ်းချမ်းရေးနိုဗယ်ဆု သမိုင်းတစ်လျှောက် မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဆုရရှိသူ အမျိုးသမီး ၁၅ ဦး အထိရှိလာခဲ့ပြီ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာပေါ်ရှိ အမျိုးသမီးများထဲတွင် အဋ္ဌမမြောက် ငြိမ်းချမ်းရေးနိုဗယ်ဆု ရရှိသူဖြစ်ပြီး အာရှအမျိုးသမီးများ ထဲတွင် မာသာထရီဇာ(အိန္ဒိယနိုင်ငံ သူခံယူထားခြင်းကြောင့်အာရှတွင် အကြုံးဝင်)ပြီးလျှင် ဒုတိယမြောက် ဖြစ်ကာ အရှေ့တောင်အာရှ အမျိုးသမီးများထဲတွင် ပထမဆုံးဖြစ်သည်။
မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်အား သူ၏အကြမ်းမဖက်သည့်နည်းဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကြိုးပမ်းလှုပ်ရှားမှုများအတွက် ၁၉၉၁ ခုနှစ် ငြိမ်းချမ်းရေးနိုဗယ်ဆုကို ချီးမြှင့်ရန် နော်ဝေနိုဗယ်ကော်မတီက ဆုံးဖြတ်ခဲ့သည်ဟု ၁၉၉၁ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့က ထုတ်ပြန်သော နိုဗယ်ကော်မတီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
Ref: CNN
ငြိမ်းချမ်းရေးနိုဗယ်ဆုရရှိခဲ့သည့် အမျိုးသမီးများ | |
၁၉၀၅ | ဘာသာဘွန်ဆက်တ်နာ (သြစတြီးယား - ဟန်ဂေရီ) |
၁၉၃၁ | ဂျိန်းစ်အဒမ်စ် (အမေရိကန်) |
၁၉၄၆ | အီမီလီဂရီနီဘယ့်လ်ခ်ျ (အမေရိကန်) |
၁၉၇၆ | ဘက်တီဝီလျံ (ဗြိတိန်) |
၁၉၇၆ | မေရိဒ်ကော်ရီဂန် (ဗြိတိန်) |
၁၉၇၉ | မာသာထရီဇာ (မက်ဆီဒိုးနီးယားနှင့် အိန္ဒိယ) |
၁၉၈၂ | အယ်လ်ဘာမီရ်ဒယ် (ဆွီဒင်) |
၁၉၉၁ | ဒေါ်အောင်ဆန်းစုကြည် (မြန်မာ) |
၁၉၉၂ | ရီဂိုဘာတာမန်ချူး (ဂွာတီမာလာ) |
၁၉၉၇ | ဂျိုဒီဝီလျံ (အမေရိကန်) |
၂၀၀၃ | ရှီရင်အီဘာဒီ (အီရန်) |
၂၀၀၄ | ၀န်ဂါရီမာထိုင်း (ကင်ညာ) |
Eleven Journal မှတဆင့်ဖော်ပြသည်။
No comments:
Post a Comment