ကချင်ပြည်နယ် မြစ်ကြီးနား မြို့တွင် ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့ထံမှ သတင်းရရှိပါသည်။
မြစ်ကြီးနားမြို့တွင် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့ ညပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတို့ထံမှ သိရှိရသည်။
“ညပိုင်း ၈ နာရီခွဲလောက်က ဖြစ်တာပါ။ က.ည.န ရုံးမှကွဲတာ။ တစ်ယောက်သေတယ်လို့ သိရပါတယ်”ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက အောက်တိုဘာလ ၃ ရက်နေ့က ပြောကြားသည်။
မြစ်ကြီးနားမြို့တွင် ၂၀၁၁ ခု နှစ် ဇွန်လအတွင်းကလည်း အမှတ် (၁)ရဲစခန်းနှင့် လ.၀.က ရုံးတို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ရဲစခန်းမှာ ဆိုင်ခန်းဟောင်းများတွင်သာ ပေါက်ကွဲခြင်းဖြစ်ကာ လ.၀.ကရုံးမှာ မူ ပျက်စီးထိခိုက်မှု အနည်းငယ်ရှိခဲ့သည်ဟု သိရှိရသည်။
ကချင်ပြည်နယ်အတွင်း KIA အဖွဲ့နှင့် တပ်မတော်တို့အကြား တိုက်ပွဲများဖြစ်ပွားမှုသည် ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့က စတင်ခဲ့ပြီး တိုက်ပွဲများ စတင်ဖြစ်ပွားရာ ဒေသသည် ကချင်ပြည်နယ် ဗန်းမော်ခရိုင် အတွင်းတွင် တည်ရှိသည်ဟု သိရှိရသည်။
နောက်ပိုင်းတွင် မြစ်ကြီးနား၊ ၀ိုင်းမော်မြို့များအထိပါ သက်ရောက်မှုရှိလာခဲ့ပြီး သြဂုတ်လ၊ စက်တင်ဘာလများ အတွင်းတွင်မူ အခြေအနေများ အနည်းငယ် ငြိမ်သက်နေခဲ့ကာ စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း တိုက်ပွဲများ ဖြစ်ပွားမှု ပြန်လည်ဖြစ်ပေါ်လာသည်။
No comments:
Post a Comment