မွန်ပြည်နယ် ကျိုက္ခမီမြို့နယ် ကျိုက္ခမီကမ်းခြေတွင် သီတင်းကျွတ်လဆန်း ၃ ရက်နေ့မှ ၅ ရက်နေ့ထိ မွန်တိုင်းရင်းသားများသည် သဲပုံစေတီတော် ပူဇော်ဌာပနာပွဲအား ကျင်းပကြောင်း ဒေသခံများမှ သိရှိရသည်။
''မိုးလင်းကင်းရှင်းတဲ့ သီတင်းကျွတ်လဆန်း(၃၊ ၄၊ ၅၊)ရက်တွေမှာ နံနက်စောစော ချက်ပြုတ်ကြပြီး ဆွမ်းချိုင့်တွေနဲ့ ၇ နာရီလောက် ထွက်လာခဲ့ကြပါတယ်။ ကျိုက္ခမီကမ်းခြေကို ၈ နာရီလောက်ရောက်ပြီး သဲပုံစေတီဝိုင်းပြီး တည်ကြပါတယ်။ ပါလာတဲ့ပစ္စည်းတွေကိုလည်း ဌာပနာတယ်။ ဘုရားငါးဆူကို ရည်စူးပြီး ငါးဆူတည်ကြပါတယ်။ ရွှေစက္ကူ ကပ်၊ ထီးတော်တွေတင်ကြပါတယ်၊ အဲဒီနောက် သံဃာတော်တွေကို ပူဇော် အနေကဇာတင်ပါတယ်၊ နောက်ပြီး ကွယ်လွန်သူ အဘိုးအဘွားမိဘတွေကို မေတ္တာပို့ရေစက်ချ အမျှဝေပါတယ်၊ ပြီးတော့ ရွှေမိုးငွေမိုးရွာပြီး ဘုရားဖူးကြတယ်။ ၁၀ မိုင်ကျော်တဲ့ စက်စဲကမ်းခြေကို သွားကြပါတယ်။ အဲဒီမှာ ကလေးတွေရေကစားပြီး ညနေမှ ရွာပြန်ကြပါတယ်'' ဟု ကမာဝက်ရွာမှ ဦးဆောင်လာသူတစ်ဦးက ပြောသည်။
မွန်တိုင်းရင်းသားများသည် ယခင်က တန်ခူးလသင်္ကြန်အလွန် နှစ်ဆန်းရက်များတွင် သဲပုံစေတီ ပူဇော်လေ့ရှိပြီး ယခုအခါသီတင်းကျွတ် လဆန်းရက်များတွင်လည်း သီးခြားအနေဖြင့် ကျိုက္ခမီကမ်းခြေနှင့် စက်စဲကမ်းခြေတို့တွင် သဲပုံစေတီ များ ပြုလုပ်ပူဇော်မှု အလေ့အထ များပြားလာကြောင်း၊ ယခုနှစ်တွင် သဲပုံစေတီ ၁၄ ဆူခန့် တည်ထားပူဇော်မှု ပြုလုပ်ခဲ့ရာ ယခင်နှစ်များထက် ပိုမိုကြောင်းသိရှိရပြီး ပွင့်လင်းရာသီ အစကြောင့် မကြာမီ စတင်တော့မည့် ကျိုက္ခမီရေလယ်ဘုရားပွဲတော် အတွက် ဆိုင်ခန်းများရောက်ရှိနေကြပြီး ဘုရားဖူးဧည့်သည်တော်များနှင့် စက်စဲကမ်းခြေတို့တွင် အပန်းဖြေအနားယူသူများ စတင်ရောက်ရှိလာနေပြီဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment