Showing posts with label သတင်းစဉ်. Show all posts
Showing posts with label သတင်းစဉ်. Show all posts

Oct 13, 2011

မိုးဗြဲရေကာတာအကြောင်း မီဒီယာများသို့မရောက်စေရန် ပိတ်ပင်မှုများပြုလုပ်နေ

ဓါတ်ပုံရိုက်ခွင့်ပိတ်ပင်ထားတဲ့ မိုးဗြဲရေကာတာ
(ဓါတ်ပုံ-ကယားလီဖု)


ကရင်နီပြည်နယ် လွိုင်ကော်မြို့၏ အပေါ်ဘက် ရှမ်းပြည်နယ်အတွင်းတွင် တည်ရှိသော မိုးဗြဲရေကာတာအကြောင်း သတင်းမီဒီယာများသို့ မရောက်စေရန် ဓါတ်ပုံနှင့်ဗီဒီယို မှတ်တမ်းသွားရောက်ကူးခွင့်မပြုဘဲ လုံခြုံရေးတင်းတင်းကျပ်ကျပ် ချထားသည်ဟု သိရသည်။

အာဏာပိုင်များမှ မိုးဗြဲဆည်ရေဖောက်ချမှုများ ပြုလုပ်နေသဖြင့် လွိုင်ကော်မြို့မှာမူ ရေအောက်သို့ရောက်ရှိနေပြီး ဒေသခံထောင်နှင့်ချီ၍ ရေဘေးဒုက္ခနှင့်ရင်ဆိုင်နေကြရပါသည်။

မိုးဗြဲဆည်အားတည်ဆောက်ခဲ့၍ ဆည်အနီးနားတွင် နေထိုင်လျက်ရှိသော ဒေသခံပြည်သူလူထုများ၏ အိုးအိမ်စည်းစိမ်များနှင့် သာဘာဝ ပတ်ဝန်းကျင်များစွာ ပျက်စီးဆုံးရှုံးမှုတို့၏ ပုံရိပ်များကို ဒေသခံပြည်သူများ တွေ့မြင်မည်ကို စိုးရိမ်၍ ယခုလို ပိတ်ပင်မှုများပြုခြင်းဖြစ်နိုင်ကြောင်း ကရင်နီဖွံ့ဖြိုးတိုးတက်ရေး သုတေသနအစုအဖွဲ့ KDRG က ဆိုပါသည်။

ယခုလက်ရှိ မိုးဗြဲဆည်တ၀ိုက် စစ်တပ်၊ ရဲနှင့် ဆည်ဝန်ထမ်းများက အတင်းအကျပ်ချထားသည်ဟု ဆိုသည်။

ရေကာတာတည်ဆောက်ခြင်း၏ ဆိုးကျိုးကို မီဒီယာများမှတဆင့် ဒေသခံလူထုများ သိမြင်သွားလျှင် နောင်ဆောက်မည့်ရေကာတာများအတွက် အဟန့်အတားများ ပြုလုပ်လာနိုင်၍ ထိုကဲ့သို့ ဖုံးဖိထားရခြင်းဖြစ်သည်ဟု KDRG တာဝန်ခံဆရာတော်ရယ်က ပြောပါသည်။

“မိုးဗြဲကန်ဆည်ရေဖောက်ချတာတောင် လွိုင်ကော်မြို့မှာရှိတဲ့ ကျေးရွာအချို့ နေအိမ်များရေမြုပ်ခံရရင် မိုးဗြဲရေကာတာပြိုကျရင်တော့ ရေတွေအရှိန်အဟုန်နဲ့ ကြီးမားစွာစီးဆင်းလာပြီးတော့ လွိုင်ကော်မြို့တစ်မြို့လုံးက မလွဲမသွေ ရေထဲပါသွားနိုင်တယ်” ဟု ဆရာတော်ရယ်က ဆက်ပြောပါသည်။

မိုးဗြဲဆည်သည် ဆယ်စုနှစ် ၅ စုကျော်မျှရှိနေပြီဖြစ်၍ သတ်မှတ်ထားသော သက်တမ်းထက် ၁၀ နှစ်ပိုနေပြီဖြစ်သောကြောင့် ပြိုကျမည့်အန္တရာယ်ကို ဒေသခံတို့အနေဖြင့် စိုးရိမ်ပူနေကြကြောင်း လွိုင်ကော်မြို့ခံတဦးက ပြောပါသည်။

မိုးဗြဲဆည်တည်ဆောက်ခဲ့သောကြောင့် ဆည်အနီးပတ်ဝန်းကျင်တွင် နေထိုင်သာ ဒေသခံ ပြည်သူများသည် အတင်းရွေ့ပြောင်းခံရမှု၊ လယ်ယာမြေဆုံးရှုံးမှုစသည့် ဆုံးရှုံးနှစ်နာမှုများစွာရှိခဲ့သည်ဟု ဆိုကြသည်။

မိုးဗြဲရေကာတာသည် ရေအရင်းအမြစ် ဖြစ်သော အင်းလင်းကန်မှတဆင့် ဘီလူးချောင်းသို့ ဖြတ်စေသော ရေလှောင်ကန် ဖြစ်ပြီး လောပိတ ရေအားလျှပ်စစ် ဓါတ်အားပေး စက်ရုံအတွက် ရေလှောင်ကန် ဖြစ်သည်။

မိုးဗြဲရေကာတာကြီးကို မြန်မာနိုင်ငံတော်လှန်ရေး အစိုးရလက်ထက်တွင် ၀န်ကြီး ဗိုလ်မှူးကြီး မောင်ရွှေ ဦးဆောင်သည့် စက်မှုလက်မှုဝန်ကြီးဌာန၏ စီမံကိန်းနှင့် ဥက္ကဌ ဗိုလ်မှူး ဖေသန်း ကြီးမှူးသည့် လျှပ်စစ်ဓါတ်အားပေးရေး အဖွဲ့သည် ၁၉၇၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် လူထုလုပ်အားများဖြင့် တည်ဆောက်ပြီးစီးခဲ့သည်။


from www.taunggyitime.blogspot.com

4283
မေလအတွင်းက နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြေညာချက်အရ အကျဉ်းထောင်မှ ပြန်လွတ်လာသူများနှင့်
လာရောက်ကြိုဆိုသူများကို အင်းစိန်ထောင်ရှေ့တွင် တွေ့ရစဉ်
မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီး၌ အကျဉ်းကျခံနေရသော အကျဉ်းသားများအနက် ၆၃၅၉ ဦး ကို အောက်တိုဘာလ ၁၂ ရက်နေ့ (သီတင်းကျွတ်လပြည့်နေ့)မှ စတင်ပြီး လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း သိရှိရပါသည်။
ထိုသို့ လွတ်ငြိမ်းချမ်းသာခွင့် မပြုမီ အောက်တိုဘာလ ၁၁ ရက် နေ့တွင် နိုင်ငံတော်သမ္မတ၏ အမိန့် ကြော်ငြာစာအမှတ် ၄၉/၂၀၁၁ကို နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ခဲ့ပါ သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် အပိုဒ် (၃)ပိုဒ် ပါဝင်ခဲ့ပြီး အပြည့်အစုံမှာ -
၁။       နိုင်ငံတော်အစိုးရသည် အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုး တက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရာတွင် ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရ ဖြစ်ပေါ်ရေး၊ ဒီမိုကရေစီ ကျင့်စဉ် ထွန်းကားရေး၊ တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေး နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးလုပ်ငန်းများကို ကြိုးပမ်း လုပ်ဆောင်လျက် ရှိပါသည်။
၂။       ဤသို့ နိုင်ငံတော်သစ် တည်ဆောက်ရာတွင် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုး ရေးအတွက် နိုင်ငံတော်သည် တည်ဆဲဥပဒေများကို ကျူးလွန်ဖောက်ဖျက်ခဲ့သူများအား တရားဥပဒေနှင့် အညီပြစ်ဒဏ်များ စီရင်ချမှတ်ခဲ့ရပါသည်။ ဤသို့ ပြစ်ဒဏ်စီရင်ခြင်း ခံရသည့် အသက်အရွယ် ကြီးရင့်သူများ၊ ကျန်းမာရေး မကောင်းသူများ၊ ကိုယ်လက်အင်္ဂါ ချို့တဲ့သူများ အပါ အ၀င် အကျဉ်းသားများ အားလုံးထဲမှ ထိုက်သင့်သော ပြစ်ဒဏ်များကို ကျခံပြီး စည်းကမ်းနှင့်အကျင့်စာရိတ္တ ကောင်းမွန်လာသော အကျဉ်းသား များအား နိုင်ငံတော် အစိုးရသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၂၀၄(ခ) ပါ ပြဋ္ဌာန်းချက်နှင့်အညီ လွတ်ငြိမ်း ချမ်းသာခွင့်ပေးပြီး နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ဖြစ်စေသည့် နိုင်ငံသားများအဖြစ်သို့ ပြုပြင်ပြောင်း လဲပေးနိုင်ရန် အစီအမံများ စနစ်တကျ စီစဉ်ဆောင်ရွက်ပေးလိုပါသည်။
4283a
အောက်တိုဘာလ ၁၂ ရက်နေ့က အင်းစိန်ထောင်ရှေ့တွင် လာရောက် စောင့်ဆိုင်းသူများအား တွေ့ရစဉ်
၃။       သို့ဖြစ်ရာ ထိုက်သင့်သော ပြစ်ဒဏ်များကို ကျခံပြီးဖြစ်သည့် စည်းကမ်းနှင့် အကျင့်စာရိတ္တ ကောင်းမွန်လာသော အကျဉ်းသားများအား လူသားချင်း စာနာထောက်ထားမှုနှင့် သနား ချစ်ခင်မှုတို့ကို အလေးထားသည့် အနေဖြင့်လည်းကောင်း၊ ယင်းတို့၏ မိသားစုများအား ငဲ့ညှာသောအနေဖြင့် လည်းကောင်း၊ ယင်းတို့သည် နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကို နား လည်ကြပြီးမိမိအကျိုး၊ ဒေသအကျိုး၊ နိုင်ငံအကျိုးအတွက် အများပြည်သူ နှင့်အတူ တာဝန်ထမ်းဆောင်နိုင်စေရန် အတွက်လည်းကောင်း၊ အကျဉ်း ထောင်အသီးသီးမှ ပူးတွဲအမည်စာရင်းပါ အကျဉ်းသား ၆၃၅၉ ဦးတို့ အား ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ (ခ)အရ ယင်းတို့ကျခံရန် ကျန်ရှိသော အပြစ်ဒဏ်များအပေါ် ၁၃၇၃ ခုနှစ် သီတင်းကျွတ်လပြည့် နေ့၊ ခရစ်သက္ကရာဇ် ၂၀၁၁ခုနှစ် အောက်တိုဘာလ ၁၂ ရက်မှစ၍ ကျခံနေရသော ပြစ်ဒဏ်အသီးသီးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်။
ထိုအမိန့်စာကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။
ယခုနှစ်မေလအတွင်းက နိုင်ငံတော်သမ္မတမှ အမိန့်ကြေညာချက် တစ်ရပ်ထုတ်ပြန်ပြီး ၂၀၁၁ ခုနှစ်၊ မေလ ၁၇ ရက်နေ့မတိုင်မီ အကျဉ်း ကျခံနေရသူအနက် သေဒဏ် ချမှတ်ခံရသူများကို ထောင်ဒဏ်တစ်သက် သို့လည်းကောင်း၊ ထောင်ဒဏ် ကျခံနေရသူများအား သတ်မှတ်ထား သောထောင်ဒဏ်ကို ထောင်ဒဏ်ရရှိ ပြီးသော လျှော့ပေါ့ရက်များအပြင် တစ်နှစ် ထပ်မံလျှော့ပေါ့ရရှိစေရန် အတွက် လည်းကောင်း လွတ်ငြိမ်းချမ်းသာခွင့် ပြုသည်ဟု ထုတ်ပြန်ခဲ့ ပါသည်။
မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင် ၄၂ ခုနှင့် အလုပ်စခန်း ၁၀၉ ခု ရှိ အကျဉ်းသားဦးရေ ၄၀၀၀၀ ကျော်အနက်မှ နေသား ၅၀ ရာခိုင် နှုန်းမှ ၇၅ရာခိုင်နှုန်းရှိ  အကျဉ်းသား များကို စိစစ်ကာ လွှတ်ငြိမ်းချမ်းသာ ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း အောက်တို ဘာလ၁၂ရက်နေ့ကအင်းစိန်အကျဉ်း ဦးဌာနတွင်ပြုလုပ်ခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့် ရရှိသူများ၏ သြ၀ါဒခံယူပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာန၊အကျဉ်း ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ လွတ်ငြိမ်း ချမ်းသာခွင့်ရရှိခဲ့သော စုစုပေါင်းအကျဉ်းသား အရေအတွက်မှာ ၆၃၅၉ ဦးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်းမှ အမျိုးသား အကျဉ်းသားစုစုပေါင်း ၅၆၄ဦးနှင့် အမျိုးသမီး အကျဉ်းသား၇၈ဦး၊ စုစုပေါင်း၆၄၂ဦးကို အောက်တိုဘာလ ၁၂ရက်နေ့အတွင်း အ သုတ်များခွဲကာစေလွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။
“အောက်တိုဘာလ ၁၂ရက်နေ့ မှာ လွှတ်ပေးဖို့စာရင်းထွက်လာတဲ့ အကျဉ်းသားတွေကို အသုတ်လိုက် ခွဲပြီး လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ ပထမအသုတ်မှာ ကျန်းမာရေးမကောင်းတဲ့ အကျဉ်းသားတွေ၊ အသက်အရွယ် ကြီးမြင့်သူတွေကို ဦးစားပေးအနေနဲ့ လွှတ်ပေးခဲ့ပါတယ်။ အဲဒီအသုတ်မှာ အမျိုးသမီး ၅၀၊ အမျိုးသား ၆၀ ပါပါ တယ်။ ဒါက ရန်ကုန်တိုင်းစာရင်းပါ။ ရန်ကုန်တိုင်းအတွင်းမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ သီးသန့်အကျဉ်းသား ကျား ၆ ယောက်နဲ့ မ ၁ ယောက် ပါဝင်ပါတယ်။ သာမန်သီးသန့် အကျဉ်းသားကျား ၁၆ ယောက်၊ မ ၃ ယောက် စုစုပေါင်း ၁၉ ယောက်ပါဝင်ပါ တယ်”ဟု ပြောကြားခဲ့ သည်။
ဆက်လက်၍ ၎င်းက “ဒီထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ သာမန် အကျဉ်းသားအနည်းငယ် နဲ့ ယခင် ထောက်လှမ်းရေးဆိုင်ရာ ဆက်စပ်တာဝန် ထမ်းဆောင်သူ အချို့ ကိုလည်းတွေ့ရပါတယ်။ စာရင်းပြုစုနေတုန်း ဖြစ်တဲ့အတွက် အသေးစိတ် ပြောလို့မရသေးပါဘူး”ဟု ပြောကြားခဲ့သည်။
မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်မြောက်သူများ ထဲတွင် ကိုသူရ (ခ)ဇာဂနာနှင့် ဦးမျိုးအောင်သန့် တို့ပါဝင်ကြောင်း သိရသည်။
စစ်တွေထောင်မှ ဗိုလ်ချုပ်ဆေထင်(SSPC ဥက္ကဋ္ဌ)လည်း လွတ်မြောက်လာကြောင်း သိရှိရပါသည်။
အင်းစိန်ထောင်မှ ယုံကြည်ချက် ကြောင့် အကျဉ်းကျခံနေရပြီး ယနေ့ နံနက် ပြန်လည် လွတ်မြောက်လာသူ များထဲတွင် NLD ပါတီဝင် ၆ ဦး လည်း ပါဝင်ကြောင်း သိရသည်။
တောင်ကြီးအကျဉ်းထောင်မှ  ဦးရွှေထူး၊ ဘူးသီးတောင် အကျဉ်းထောင်မှ ကိုကိုကြီး(စမ်းချောင်း)၊ ကိုသန်းထွန်းဇေ၊ ဦးအောင်စိုး၊ ရွှေဘို အကျဉ်းထောင်မှ မလင်းလင်းမော်တို့ လွတ်မြောက်သူများထဲတွင် ပါဝင် လာကြောင်း သိရှိရပါသည်။
ခန္တီးအကျဉ်းထောင်မှ လွတ်မြောက်လာသူများထဲတွင် မစုစုနွေး လည်း ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လွတ်ငြိမ်းချမ်းသာခွင် ပေးခဲ့သည့် ဖြစ်စဉ်အချို့

-         ၁၉၅၆ ခုနှစ် မေလ ဆဋ္ဌမ သင်္ဂါယနာတင်ပွဲနှင့် သာသနာနှစ် ၂၅၀၀ ပြည့်အဖြစ် ၀န်ကြီးချုပ် ဦးနုက အထူးလျှော့ရက်များ ထုတ်ပြန်၍ အကျဉ်းသားများကို လွတ်ငြိမ်းခွင့်ပေးခဲ့။
-         ၁၉၆၃ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါအမိန့်အရ မြန်မာတစ်နိုင်ငံလုံးရှိအကျဉ်းထောင်များမှ အကျဉ်းသား ၁၂၀၀၀ ခန့် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့။ ပုဒ်မ (၅) ဖြင့် ဖမ်းဆီးထားသူ နိုင်ငံရေးသမား ၂၃ ဦး၊ သတင်းစာဆရာ ငါးဦး၊ ကျောင်းသား ၁၃ ဦး၊ ကေအင်ဒီအို ငါးဦးနှင့် တရားစွဲဆိုခြင်း ခံနေရသူလေးဦးကို လွှတ်ပေးခဲ့။ လွတ်လာသူများတွင် သခင်စိုး၏ဇနီးဟောင်း ဒေါ်နှင်းမေ၊ ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုကော်မတီဝင် မစ္စတာရာဂျန်၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဥက္ကဋ္ဌ မိုးကျော်(ခ)ကျော်နိုင် စသူတို့ပါဝင်။
-         ၁၉၇၁ ခုနှစ် ဇွန်လ ၂၇ ရက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ပထမအကြိမ် ညီလာခံ အထိမ်းအမှတ်အဖြစ် ရာဇ၀တ်ပြစ်ဒဏ်များကို လျှော့ပေါ့ခြင်းဆိုင်ရာကြေညာချက်ကိုထုတ်ပြန်ခဲ့။
-         ၁၉၈၀ ပြည့်နှစ် မေလ ၂၈ ရက်နေ့ ရက်စွဲဖြင့် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထုတ်ပြန်ခဲ့။ တစ်နိုင်ငံလုံး အကျဉ်းထောင်အသီးသီးနှင့် ရဲဘက်စခန်းမှ အကျဉ်းသား ၃၉၄၄ ဦးတို့ကို လွှတ်ပေးခဲ့။
-         ၁၉၈၈ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး၌ လူထုအုံကြွမှု ဖြစ်ပွားခဲ့သောကြောင့် အကျဉ်းထောင်များမှ အကျဉ်းသားများကို ထောင်ဖွင့်လွှတ်ပေးခဲ့။ ယင်းကာလနောက်ပိုင်းတွင် ၁၉၈၈ ခုနှစ် ပြစ်မှုဆိုင်ရာ အမှုများပိတ်သိမ်းခြင်း ပြစ်ဒဏ်ကျခံနေရသူများအား ပြစ်ဒဏ်ပြောင်းလဲ လျှော့ပေါ့ခြင်းနှင့် ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများပိတ်သိမ်းခြင်း စသည်တို့ကို ထုတ်ပြန်၍ ကန့်သတ် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့။
-         ၁၉၉၂ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ကြေညာချက်အမှတ် ၁၁/၉၂ ကိုထုတ်ပြန်၍ ပြစ်ဒဏ် ကျခံရေးရာများအနက် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်မှုမရှိသော အကျဉ်းသား ၁၂၀၀ ကျော်ကို ပြန်လွှတ်ပေး။
-         ၁၉၉၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အမိန့်အမှတ် ၁/၉၃ ဖြင့် ပြစ်ဒဏ်များ ပြောင်းလဲလျှော့ပေါ့ခြင်းဆိုင်ရာ အမိန့်ကို ထုတ်ပြန်၍ ကန့်သတ် လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့။
-         ၁၉၉၇ ခုနှစ်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသို့ ပြောင်းလဲဖွဲ့စည်းသည့် အထိမ်းအမှတ်အဖြစ် ပြစ်ဒဏ်များ ပြောင်းလဲ သတ်မှတ်သည့် ကန့်သတ်လွတ်ငြိမ်းချမ်းသာ ခွင့်များပေးခဲ့။
-         ၂၀၀၅ ခုနှစ်တွင် ထောက်လှမ်းရေးမှ တရားစွဲဆိုပြီး ပြစ်ဒဏ်ချမှတ်ထားသည့် သူများအတွက် တရားဥပဒေနှင့်အညီမဟုတ်သော ဖမ်းဆီးထားခြင်းခံရသူများအား ပြစ်ဒဏ်မှ ကင်းလွတ် ခွင့်ပြုသည့်အမိန့်ကို ထုတ်ပြန်ကြေညာခဲ့။
Ref : မြန်မာ့ ရက်စဉ်သမိုင်း၊ မြန်မာ့ နိုင်ငံရေးစနစ် ပြောင်းကာလ(ဒုတိယတွဲ)

4282
မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ယန်ကျိချီ
မြန်မာနိုင်ငံ မြောက်ပိုင်းတွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလျံကျော် အကုန်အကျခံ တည်ဆောက်မည့် ဧရာဝတီမြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားမှုနှင့်ပတ်သက်ပြီး ညှိ နှိုင်းဆောင်ရွက်သွားရန် မြန်မာနှင့် တရုတ် နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးများက အောက်တိုဘာလ ၁၀ ရက်တွင် သဘောတူညီမှု ရရှိခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်ကို ကိုးကား၍ တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံ၊ ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးမှုအတွင်း မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် နှင့်တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အကြား ယင်းကဲ့သို့ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံအကြား အပြန်အလှန် ယုံကြည်မှုရရှိနိုင်ရေး အတွက် ပူးပေါင်းဆောင်ရွက်မှုတိုး မြှင့်ရန်လည်း ကတိပြုခဲ့ကြောင်း သိရသည်။ ဦးဝဏ္ဏမောင်လွင်သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ တရုတ်နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။
အနာဂတ်တွင် တရုတ် သမ္မတ ဖြစ်လာဖွယ်ရှိသော ဒုတိယသမ္မတ ရှီကျင်ပင်းနှင့်လည်း မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံခဲ့ကြောင်း သိရသည်။ ယခုတွေ့ဆုံမှုမှာ မြစ်ဆုံ စီမံကိန်းရပ်ဆိုင်းပြီး နောက်ပိုင်း နှစ်နိုင်ငံအစိုးရတာဝန်ရှိသူများ အကြား ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်သည်။
မြန်မာဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးသည် ယခုလ အတွင်း တရုတ်နိုင်ငံသို့ သွားရောက်၍ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခဲ့ခြင်းနှင့် ပတ်သက်ပြီး ဆွေးနွေးမှုပြုလုပ်မည်ဟု မြန်မာအစိုးရ တာဝန်ရှိသူများက အောက်တိုဘာလ ၇ ရက်တွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ စွမ်းအင်လိုအပ်ချက် ပြည့်မီရေး အတွက်သာ အဓိက ထားတည်ဆောက်မည့် ယင်းမြစ်ဆုံ စီမံကိန်းကို မြန်မာအစိုးရဘက်မှ ရပ်ဆိုင်းခြင်းနှင့်ပတ်သက်ပြီး ဆွေး နွေးမှုပြုလုပ်ရန်အတွက် တရုတ် နိုင်ငံက ပြီးခဲ့သောသီတင်းပတ်တွင် တောင်းဆိုမှုပြုလုပ်ခဲ့သည်။ ယင်းမြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းကြောင်း မြန်မာအစိုးရက ၂၀၁၁ ခုနှစ် စက်တင် ဘာလ ၃၀ ရက်တွင် ကြေညာခဲ့သည်။
အနောက်နိုင်ငံများ၏ ပိတ်ဆို့ အရေးယူမှု ချမှတ်ခံထားရသော၊ နိုင်ငံတွင်း စွမ်းအင် သဘာဝရင်းမြစ် ပေါများကြွယ်ဝသော မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု အကြီးအကျယ် ပြုလုပ်ထားသည်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းသို့ ရေနံနှင့်ဓာတ်ငွေ့ပို့လွှတ်မည့် ပိုက်လိုင်းများ တည်ဆောက်ရေးအပါ အ၀င် မြန်မာနှင့် တရုတ်အကြား နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ အနီးကပ် ဆက်ဆံမှုရှိခဲ့သည်။

လွတ်ငြိမ်းချမ်းသာခွင့် ပေးမှုအပေါ်သူတို့ အမြင်များ


ဆရာလူထုစိန်ဝင်း
ဧရာဝတီနဲ့ ဆက်နွယ်တဲ့ကိစ္စမှာ သမ္မတကြီးဦးသိန်းစိန်ကို ရာနှုန်းပြည့် သဘောကျခဲ့တယ်။ အခုလည်း ဧရာဝတီကိစ္စလို မိဘဆွေမျိုးသားချင်းတွေက ရာနှုန်းပြည့် မျှော်လင့်ခဲ့ကြတယ်။ သမ္မတကြီး ဦးသိန်းစိန်ကို မျှော်လင့်ခဲ့ကြတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ဂျာနယ်မှာ ခဏကြီးမဟုတ်ပါဘူး၊ ခဏလေးပါဆိုတဲ့ ဆောင်းပါးရေးခဲ့တယ်။ အရပ်သားအစိုးရကို မထောက်ခံသေးဘူး။ သမ္မတဦးသိန်းစိန်ရဲ့ အရပ်သားအစိုးရကို စောင့်ကြည့်နေတယ်ဆိုတာ ထည့်ရေးခဲ့တယ်။ အဲဒီမှာပဲ စံထားတဲ့အချက်သုံးချက်ကို ပြောခဲ့တယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေး မပေး၊ ပြည်တွင်းစစ် ချက်ချင်းရပ်စဲ မစဲ၊  နောက်တစ်ခုကတော့ ဧရာဝတီကိစ္စရပ်စဲရေးဆိုပြီး ပြောခဲ့တယ်။ အဲဒီနောက်မှာ ဧရာဝတီကိစ္စကို ပြည်သူတွေရဲ့ ဆန္ဒကိုလိုက်လျောပြီး သမ္မတကြီးဦးသိန်းစိန်က ရပ်စဲခဲ့တဲ့အတွက် လူသိရှင်ကြားထုတ်ဖော်ပြီး ကျေးဇူးတင်ကြောင်း ပြောခဲ့တယ်။ ဒါပေမယ့် အခုကိစ္စမှာတော့ . . . ဇာဂနာနဲ့ ရှမ်းအမျိုးသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ဆေထင်တို့ကို လွှတ်ပေးခဲ့တာကို ၀မ်းသာတယ်။ သူတို့လိုပဲ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ အခြားတိုင်းရင်းသား ခေါင်းဆောင်တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ မေတ္တာရပ်ခံချင်တယ်။ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကိစ္စ ဒီလူတွေပါဖို့ လိုအပ်တယ်။ သမ္မတကြီးဦးသိန်းစိန်လည်းပြောခဲ့တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို မထောက်ခံတဲ့သူတွေနဲ့တောင် လက်တွဲဆောင်ရွက်ဖို့ နည်းလမ်းရှာမယ်ဆို ပြောခဲ့တယ်။ အဲဒီလူတွေ မပါဘဲနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ဆောင်ရွက်မယ်ဆိုရင် ပြည်ထောင်စုစစ်စစ် မဖြစ်နိုင်ဘူး။ စစ်မှန်ပြီး ရေရှည်တည်တံ့တဲ့ ပြည်ထောင်စုဖြစ်ဖို့ဆိုရင် ဒီလိုတွေပါရမယ်။

ဒေါက်တာသန်းထွဋ်အောင် (CEO, Eleven Media Group)
‘အခုလိုလွှတ်ပေးတာဝမ်းသာပါတယ်။ ဒါပေမယ့် International Image ကိုမြှင့်ပေးနိုင်မယ့် သူတွေကိုထပ်လွှတ်ဖို့ လိုသေးတယ်။ ဒေါ်အောင်ဆန်း စုကြည်နည်းတူ အစိုးရနဲ့ တန်းတူရည်တူ ပူးပေါင်းဆောင်ရွက်နိုင်မယ့် သူတွေလွတ်မှသာ ပြီးပြည့်စုံတဲ့ Amnesty ဖြစ်ပါလိမ့်မယ်။ သူရဲကောင်းပုဂ္ဂိုလ်ရေးဝါဒ ထက် professional politic  ကို လုပ်ကိုင်ရမယ့်အချိန်မှာ စိတ်ဓာတ်ယုံကြည်ချက်ခိုင်မာပြီး သံတမန်ဆန်တဲ့ ညှိနှိုင်းလုပ်ကိုင်လိုစိတ်ရှိတဲ့သူတွေကို လွှတ်ပေးရင် ကျွန်တော်တို့ သတင်းမီဒီယာတွေ အပါအ၀င် လူထုရဲ့အကြွင်းမဲ့ ထောက်ခံမှုကိုရမှာပါ။ အစိုးရရဲ့ပြုပြင် ပြောင်းလဲရေးခရီးအတွက် အင်အားတွေရလာမှာပါ။ မေတ္တာရပ်ခံပါတယ်။ သူတို့ကို အမြန်ဆုံးလွှတ်ပေးပါ။

ဆရာမောင်မိုးသူ
‘အစိုးရအနေနဲ့ ဒီလိုလွှတ်ပေးတဲ့အပေါ်မှာ ၀မ်းသာတာပေါ့ဗျာ။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရတဲ့ အကျဉ်းသားအနေနဲ့ ထောင်ထဲမှာ ခုနစ်နှစ်နေခဲ့ကြတာပဲ။ ဆိုကြပါစို့ ဒီမိုကရေစီလမ်းကြောင်းကိုသွားကြမယ်ဆိုအဓိကအားဖြင့် ယုံကြည်ချက်ကြောင့် အကျဉ်းချခံခဲ့ရတဲ အကျဉ်းသားအားလုံး ကိုလွှတ်ထိုက်တယ်လို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။ လွှတ်လည်း လွှတ်စေချင်ပါတယ်။ လွှတ်ပါလိမ့်မယ်လို့လည်း ကျွန်တော့်အနေနဲ့ မျှော်လင့်ထားပါတယ်။ အခုလို သမ္မတက လွှတ်ပေးတဲ့အပေါ် ၀မ်းသာစရာရှိတာ ၀မ်းသာပါတယ်’

ဦးအောင်လွင် (အနုပညာရှင်)
‘နိုင်ငံတော်အစိုးရ အပြောင်းအလဲဖြစ်သွားပြီလို့တော့ ယူဆရတာပေါ့။ နှစ်ပေါင်းများစွာ မျက်ခြေပြတ်ခဲ့ကြတယ်။ မိသားစုနဲ့ တစ်ကွဲတစ်ပြားနေခဲ့ကြရတယ်။ အဲဒီလို အနေအထားကနေ နိုင်ငံတော်အနေနဲ့ လွှတ်ပေးတဲ့အတွက် ၀မ်းလည်းနည်းတယ်။ ၀မ်းလည်းသာပါတယ်။ လက်ရှိလွှတ်ပေးတဲ့ ပုဂ္ဂိုလ်များကိုလည်း သာဓုခေါ် ပါတယ်လို့ ပြောချင်ပါတယ်’

အရိုင်း (အနုပညာရှင်)
‘၀မ်းသာတာပေါ့ဗျာ။ ကျွန်တော်တို့ကတော့ အားလုံးလွတ်သွားရင် ပိုဝမ်းသာတာပေါ့ဗျာ။ ထပ်ပြီးတော့လည်း တဖြည်းဖြည်းချင်းလွှတ်ပေးလိမ့်မယ်လို့ ကျွန်တော်မြင်ပါတယ်။ နောက်လူတွေလည်း တစ်သုတ်ပြီးတစ်သုတ် လွှတ်ပေးလိမ့်မယ်လို့ ထင်ပါတယ်။ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်တွေလည်း လာလိမ့်မယ်လို့ ယုံကြည်ပါတယ်’

ငှက်ပျောကြော် (အနုပညာရှင်)
‘အခုလိုလွှတ်ပေးတဲ့အတွက် ၀မ်းသာပါတယ်။ အစိုးရအနေနဲ့ ဒီလိုအပြောင်းအလဲ ဖော်ဆောင်တဲ့အခါ အခုလိုကောင်းမွန်တဲ့ အနေအထားတွေကို ဆက်လက် ထိန်းသိမ်းပြုလုပ်သွားရင် ပိုကောင်းပါတယ်။ အရပ်သား အစိုးရတက်တက်ချင်းမှာ ပထမတစ်ကြိမ်လွှတ်ပေးပြီးပြီ။ လပြည့်နေ့မှာ အခုလို လွှတ်ပေးလိုက်တာကိုလည်း အားလုံးကကြိုဆိုကြမှာပါ။ ပထမတစ်ကြိမ်တုန်းကလည်း ကြိုဆိုပြီးပြီ မြစ်ဆုံတုန်းကလည်း ကြိုဆိုပြီးပြီ။ အားလုံးကျန်တဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရတဲ့သူအားလုံးကိုပါ လွတ်ငြိမ်းချမ်းသာ ခွင့်ပေးရင်တော့ အကောင်းဆုံးပါ’

ဒေါ်သန်းဌေး (ပြန်လည်လွတ်မြောက်လာသူ ဦးမျိုးအောင်သန့်၏မိခင်)
‘ကျွန်မက အသက် ၇၅ နှစ်ရှိပြီ။ ကျွန်မသားထောင်ကျတာက ၁၄ နှစ်ကျော်ပြီ။ သမ္မတက အခုလိုလွှတ်ပေးတဲ့အပေါ်မှာ ၀မ်းသာပါတယ်။ သူတို့ကိုလည်း ကျေးဇူးတင်ပါတယ်။ အရင်က နှစ်လကိုတစ်ခေါက် ထောင်ကိုသွားနေရတာ၊ နောက်တော့ ခြောက်လကိုတစ်ခေါက် ၁၄ နှစ်လုံးလုံးထောင်ကို သွားတွေ့ခဲ့ရတာလေ’

မြန်မာ-အမေရိကန် ဆက်ဆံရေး စာမျက်နှာသစ်ဖွင့်ရန် ပြင်ဆင်ထားပြီဖြစ်ကြောင်း အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကင်းဘဲလ် ပြောကြား အရေးယူပိတ်ဆို့မှုများ ချက်ချင်း ရုပ်သိမ်းဖွယ် မရှိသေးသော်လည်း နိုင်ငံစုံ အဖွဲ့အစည်းများနှင့် အမေရိကန်၏ အကူအညီများ ပြန်လည်ရရ



b28_11
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကင်းဘဲလ် ၂၀၁၀ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်စဉ်က ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံစဉ်
မြန်မာ-အမေရိကန် ဆက်ဆံရေးတွင် စာမျက်နှာသစ်ဖွင့်ရန် ပြင်ဆင်ထားပြီဖြစ်ကြောင်း အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး ကာ့တ်ကင်းဘဲလ်က အောက်တိုဘာလ ၁၀ ရက်နေ့တွင် ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ပြုလုပ်သော အာရှတွင် အမေရိကန်၏ ပြန်လည်စေ့စပ် ညှိနှိုင်းခြင်းနှင့် ပတ်သက်သည့် ဖိုရမ်တစ်ခုတွင် ကင်းဘဲလ်က ပြောကြားခဲ့ခြင်းဖြစ်သည်။မြန်မာအစိုးရဘက်မှ ပိုမိုလွတ်လပ်ပြီး ဒီမိုကရက်တစ် ပိုဆန်စွာ ဆောင်ရွက် လာပါက လိုက်လျောညီထွေသော တုံ့ပြန်မှုများကို ၀ါရှင်တန်က ပြုလုပ်သွားမည်ဖြစ်ကြောင်း ကင်းဘဲလ်က ပြောကြားခဲ့သည်။
မြန်မာ့အရေးနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်စရာကိစ္စရပ်များ အမြောက်အမြားရှိနေသေးသော်လည်း အံ့အားသင့်ဖွယ်ဖွံ့ဖြိုးမှုများ စတင်နေပြီဆိုသည့်အချက်ကို လျစ်လျူရှု၍ မရနိုင်ကြောင်း ကင်းဘဲလ်က သုံးသပ်ခဲ့သည်။ သမ္မတဦးသိန်းစိန်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အကြား အလွန်တန်ဖိုးရှိသည့် ဆွေးနွေးမှုတစ်ခု ပြုလုပ်နိုင်ခဲ့ခြင်းကို အရေးပါသော အပြုသဘောဆောင်သည့် တိုးတက်မှုအဖြစ် မှတ်ယူမိကြောင်း ကင်းဘဲလ်က ပြောကြားခဲ့သည်။
ဆယ်စုနှစ်ကျော်တစ်ခုအတွင်း အကျယ်ပြန့်ဆုံး ပြုပြင်ပြောင်းလဲရေးအားထုတ်မှုများသည် မြန်မာနိုင်ငံတွင် အစပျိုးနေပြီဟု မျော်လင့်ဖွယ်များ ရှိလာခဲ့ကြောင်း ၎င်းက သုံးသပ်ခဲ့သည်။ မြန်မာအစိုးရသည် အင်တာနက်တွင် ပိတ်ပင်ထားသည်များ ကို ဖြေလျော့ပေးခဲ့သလို မီဒီယာများအပေါ် ကန့်သတ်မှုများ လျော့ချပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ ''ကျွန်တော်တို့ ဆက်ဆံရေးမှာ စာမျက်နှာသစ်ဖွင့်လှစ်ဖို့ ပြင်ဆင်ထားပြီဆိုတာ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း ပြောလိုပါတယ်။ သူတို့ရဲ့ ခြေလှမ်းတွေနဲ့ လိုက်လျောညီထွေရှိအောင် ကျွန်တော်တို့က လျှောက်လှမ်းပေးမယ်လို့ပြောရင် တရားမျှတ ပါတယ်။
လာမယ့်ရက်သတ္တပတ်တွေထဲမှာ မကြာသေးမီ လတွေထဲကစခဲ့တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်သွားနိုင်ဖို့လည်း မျှော်လင့်ပါတယ်'' ဟု ကင်းဘဲလ်က ပြောကြားခဲ့သည်။
သို့ရာတွင် မြန်မာနိုင်ငံတွင်းမှ အပြောင်းအလဲများမှာ အစောပိုင်း အဆင့်သာရှိသေးကြောင်း ကင်းဘဲလ် က သုံးသပ်ခဲ့သည်။
''အတိတ်က ကြုံခဲ့တာတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် အပြောင်းအလဲတွေ စတင်နေပြီဆိုတာ ရှင်းပါတယ်။ ဒါပေမယ့် အစောပိုင်းအဆင့်မှာပဲ ရှိနေပါသေးတယ်။ သူတို့တစ်တွေ ဘယ်လို ဆက်သွားမယ်၊ ဆက်လုပ်မယ်၊ ဘယ်လို တိုးတက်အောင် လုပ်မယ်ဆိုတာ ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်'' ဟု ကင်းဘဲလ်က ပြောကြားခဲ့သည်။
စိုးရိမ်ပူပန်ဖွယ် ကိစ္စရပ်များရှိနေသေးသောကြောင့် နိုင်ငံရေးနှင့် စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများ ချက်ချင်းရုပ်သိမ်းဖွယ် မရှိသေးသော်လည်း နိုင်ငံစုံ အဖွဲ့အစည်းများနှင့် အမေရိကန်၏ အကူအညီများ ပြန်လည်ရရှိရေး ဆောင် ရွက်ပေးဖွယ်ရှိနေကြောင်း သိရသည်။ နိုင်ငံတကာနှင့် ဆက်ဆံဆောင်ရွက်သော ဘဏ္ဍာရေးကိစ္စများ၊ မြန်မာထိပ်တန်းအရာရှိများ၏ ခရီးသွားလာခွင့်များ ကန့်သတ်ထားမှုကိုလည်း လျော့ချပေးဖွယ် ရှိနေသည်။ ကမ္ဘာ့ဘဏ်နှင့် အခြားနိုင်ငံ စုံအဖွဲ့အစည်းများ မြန်မာနိုင်ငံသို့ ပြန်လာစေရန် ထောက်ခံပေးခြင်းကဲ့သို့သော အကူအညီများ ပေးအပ်သွားဖွယ်ရှိသည်။ မြန်မာနိုင်ငံသည် ရှုပ်ထွေးနေသော နိုင်ငံခြားငွေလဲလှယ်မှုစနစ်ကို ပြုပြင်ပြောင်းလဲရေးအတွက် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၏ အကူအညီတောင်းခံထားပြီး အကူအညီ ကြီးကြီးမားမား ရရန်မှာ အမေရိကန်၏ ထောက်ခံမှု လိုအပ်နေသည်။ မြန်မာနိုင်ငံကို မြန်မာအစိုးရလိုလား သကဲ့သို့ Burma ဟု မခေါ်တော့ဘဲ Myanmar ဟု ခေါ်ဝေါ်သုံးနှုန်းခြင်း များ ပြုလာနိုင်သည်ဟု သိရသည်။

ပိုမိုတိုးတက်လာရန် ၀ါရှင်တန်ဘက်က မျှော်လင့်ထားသည့် နယ်ပယ်များမှာ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် တွေ့ဆုံဆွေးနွေးမှု . . .
ပိုမိုတိုးတက်လာရန် ၀ါရှင်တန်ဘက်က မျော်လင့်ထားသည့် နယ်ပယ်များမှာ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် တွေ့ဆုံဆွေးနွေးမှု၊ ကုလလက်နက်မပြန့်ပွားရေး သဘောတူညီချက်ကို ချိုးဖောက်သည့် မြောက်ကိုရီးယားထံမှ စစ်ရေးအကူအညီ ရယူနေသည်ဟု သတင်းထွက်နေမှုတို့တွင်ဖြစ်ကြောင်း ကင်းဘဲလ်က ပြောကြားခဲ့သည်။
''အကျဉ်းသား လွှတ်ပေးတဲ့ ကိစ္စမျိုးတွေမှာ ဆက်လက်တိုးတက် နေတာမျိုးကို မြင်လိုတာဟာ ကျွန် တော်တို့ဆန္ဒပဲဆိုတာ ရှင်းရှင်းလင်းလင်းပြောလိုပါတယ်'' ဟု ကင်းဘဲလ်က ပြောကြားခဲ့သည်။
အမေရိကန်သည် မြန်မာ အကြီးတန်းအရာရှိများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေပြီး ပြီးခဲ့ သည့်လနှောင်းပိုင်းက ၀ါရှင်တန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကို လက်ခံတွေ့ဆုံခဲ့သည်။
ကင်းဘဲလ်၏ မှတ်ချက်စကားသည် မကြာသေးမီကာလအတွင်း မြန်မာနိုင်ငံ၏ အပြောင်းအလဲများနှင့် ပတ်သက်ပြီး အမေရိကန်အစိုးရ ထိပ်တန်းတာဝန်ရှိသူ တစ်ဦး၏ အထင်ရှားဆုံး မှတ်ချက်စကား ဖြစ်သည်။

ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုနှင့် ၀န်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်နေသော နိုင်ငံခြားကုမ္ပဏီအချို့ ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ရန်ပြင်ဆင်နေပြီး ပင်မကုမ္ပဏီ ရုံးချုပ်များထံမှ နိုင်ငံခြားသား ကျွမ်းကျင် ၀န်ထမ်းများ စေလွှတ်လျက်ရှိ

4281

မြန်မာနိုင်ငံရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများဖြစ်သော ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်း၊ ကုန်ထုတ်လုပ်မှု လုပ်ငန်း၊ ၀န်ဆောင်မှုလုပ်ငန်းများနှင့် ကိုယ်စားလှယ်ရုံး လာရောက် ဖွင့်လှစ်ထားသော နိုင်ငံခြားကုမ္ပဏီအချို့ လုပ်ငန်းစတင် တိုးချဲ့ရန် ပြင်ဆင်နေပြီး ပင်မကုမ္ပဏီ ရုံးချုပ်များထံမှ နိုင်ငံ ခြားသားဝန်ထမ်းများ စေလွှတ်လျက်ရှိကြောင်း နိုင်ငံခြားကုမ္ပဏီ အသိုင်းအ၀ိုင်းထံမှ သတင်းရရှိသည်။
“မြန်မာပြည်ထဲမှာ ရှိနှင့်ပြီးသား နိုင်ငံခြားကုမ္ပဏီ လုပ်ငန်းတွေ လုပ်ငန်းတိုးချဲ့ဖို့ ပြင်ဆင်နေကြတယ်။ အသစ်ဝင်ရောက်လာမယ့် လုပ်ငန်းတွေ၊ အမှတ်တံဆိပ်တွေလည်း ရှိတယ်။ ကိုယ်စားလှယ်ရုံး တွေကိုလည်း တိုးချဲ့ဖွင့်လှစ်ဖို့ လုပ်နေကြပါတယ်။ ကုမ္ပဏီရုံးချုပ်တွေ ကလည်း ဒီမှာလုပ်ငန်းတိုးချဲ့ရင် လိုအပ်မယ့် စီမံခန့်ခွဲမှုဝန်ထမ်းနဲ့ ကျွမ်းကျင်ဝန်ထမ်းတွေကို စေလွှတ်ပေးတာမျိုးတွေ ရှိနေပါပြီ။ ဒီကအခြေအနေကို ကြည့်ပြီး လုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ လည်ပတ်သွားဖို့ ပြင်ဆင်နေတာပါ”ဟု နိုင်ငံခြားကုမ္ပဏီ တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားပါသည်။
မြန်မာနိုင်ငံတွင် ပြုလုပ်လျက်ရှိသော စီးပွားရေးပြုပြင် ပြောင်းလဲမှုများနှင့် နိုင်ငံရေး အခြေအနေများကြောင့် နိုင်ငံခြားလုပ်ငန်းများအနေ ဖြင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန် စိတ်ဝင်စား လာခြင်းဖြစ်ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မြင့်တက်လာစေရန် ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေး မူဝါဒ၊ ကုန်သွယ်ရေးမူဝါဒ၊ ရင်းနှီး မြှုပ်နှံမှုမူဝါဒများကို ခေတ်နှင့်လျော်ညီအောင် ပြင်ဆင်နိုင်ရန် လိုအပ်ကြောင်း၊ ထိုသို့ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်ပါက သယံဇာတ အခြေခံနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှ ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုအခြေခံ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသို့ ပြောင်းလဲလာမည် ဖြစ်ကြောင်း စီးပွားရေးပညာရှင်များ က ထင်မြင်သုံးသပ်ပါသည်။

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးဖို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက အရေးကြီးတယ်။ မြန်မာမှာ နိုင်ငံခြားလုပ်ငန်းဆို မကောင်းဘူးဆိုတဲ့ အစွဲရှိနေတာ ဖျောက်နိုင်ဖို့လိုတယ်။ အစောပိုင်းမှာ နိုင်ငံခြားလုပ်ငန်းတွေရဲ့ လုပ်ငန်းလိုအပ်ချက်အရ ကျွမ်းကျင်ပြီးသား နိုင်ငံခြားသားဝန်ထမ်းတွေ ပါလာမှာဖြစ်ပေမယ့်  .  .  .
ထို့ပြင် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ နှင့် စပ်လျဉ်းသည့် မြေအသုံးပြုခွင့် အမိန့်ကြော်ငြာစာနှင့် နိုင်ငံခြားငွေဆိုင်ရာ အမိန့်ကြော်ငြာစာတို့အရ ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုဆိုင်ရာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ၀င်ရောက်နိုင်ရန်နှင့် လုပ်ငန်းများတိုးချဲ့နိုင်ရန် အထောက်အကူ ပြုနိုင်သည်ဟု အဆိုပါ အသိုင်းအ၀ိုင်း က ထင်မြင်ယူဆကြောင်း သိရသည်။
“မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနိုင်တဲ့ နိုင်ငံရေး၊ စီးပွားရေးတည်ငြိမ်မှုရှိရင် နိုင်ငံစုံကော်ပိုရေးရှင်းတွေ ၀င်လာတော့မှာပါ။ ဒီလိုဝင်လာရင် နည်းပညာတွေ ပါလာမယ်၊ စီမံခန့် ခွဲမှု ပညာတွေပါလာမယ်၊ နိုင်ငံတကာ စီးပွားရေး အတွေ့အကြုံတွေပါ လာမှာဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံခြားလုပ်ငန်းတွေ ၀င်ရောက်မှုနဲ့ အတူ တတ်ကျွမ်းပြီးသား နိုင်ငံခြားသား ၀န်ထမ်းတွေ ၀င်လာမယ်။ မြန်မာဝန်ထမ်းတွေ၊ အလုပ်သမားတွေလည်း အလုပ်အကိုင်တွေ ရလာမယ်။ လုပ်ခ လစာတွေ၊ ၀င်ငွေတွေရလာမှာပါ။ နိုင်ငံခြားလုပ်ငန်းတွေ ၀င်လာရင် ကြိုဆိုရမှာပါ။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးဖို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက အရေးကြီးတယ်။ မြန်မာမှာ နိုင်ငံခြားလုပ်ငန်း ဆိုမကောင်းဘူးဆိုတဲ့ အစွဲရှိနေတာ ဖျောက်နိုင်ဖို့လိုတယ်။ အစောပိုင်းမှာ နိုင်ငံခြားလုပ်ငန်းတွေရဲ့ လုပ်ငန်း လိုအပ်ချက်အရ ကျွမ်းကျင်ပြီးသား နိုင်ငံခြားသားဝန်ထမ်းတွေ ပါလာမှာ ဖြစ်ပေမယ့်  မြန်မာဝန်ထမ်းတွေရဲ့ အရည်အချင်း ပြည့်မီလာတာနဲ့အမျှ အစားထိုးနေရာ ၀င်ယူနိုင်မှာပါ။ ဒါ ကြောင့် မြန်မာလုပ်ငန်းတွေရော လူ့အဖွဲ့အစည်းပါ ကိုယ့်အရည်အချင်း ကို စဉ်ဆက်မပြတ် မြှင့်တင်နေဖို့ လိုတယ်။ မြန်မာနိုင်ငံရဲ့လတ်တလော အခြေအနေတွေအရ နိုင်ငံခြားလုပ်ငန်းတွေ ၀င်လာရင် အောက်ကလူက အလုပ်တွေရမယ်၊ အလယ်ကလူက အတွေ့အကြုံရမယ်၊ အပေါ်ပိုင်းက နည်းပညာရမှာ ဖြစ်ပါတယ်”ဟု ပါမောက္ခ ဒေါ်လှမြင့်က ရှင်းပြပါသည်။
ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ၀င်ရောက်မှုကို ကြိုဆိုသင့်ကြောင်း၊ ယှဉ်ပြိုင်နိုင် စွမ်းတိုးတက်မှုနှင့်အတူ ဈေးကွက် စီးပွားရေးစနစ် ပိုမိုပီပြင်လာနိုင်မည် ဖြစ်သောကြောင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုမဟုတ်သည့် စီးပွားရေး လုပ်ကိုင်မှုပုံစံများ လျော့နည်းသွားမည်ဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ပါသည်။
ပါမောက္ခ ဦးမော်သန်းကလည်း “အစိုးရရဲ့ စီးပွားရေးပြုပြင်ပြောင်း လဲမှုတွေ၊ နိုင်ငံတကာ ဆက်ဆံရေးတွေ အဆင်ပြေလာတာနဲ့အမျှ နိုင်ငံ ခြားလုပ်ငန်းတွေဝင်လာမှာပါ။  အထူး သဖြင့် ကုန်ထုတ်လုပ်မှု၊ ၀န်ဆောင်မှု၊ ကုန်သွယ်မှုလုပ်ငန်းတွေ ပိုဝင်လာနိုင်တယ်။ အရင်လို သယံဇာတဘက် မှာချည်းမြှုပ်နှံဖို့ ကြိုးစားမှာ မဟုတ် ဘူး။ အခုသူတို့ဝင်လာဖို့ စိတ်ဝင်စားလာပြီ၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ဖို့ ပြင်ဆင်လာကြပြီ။ တစ်ဖက်မှာလည်း အစိုးရကသူတို့ ၀င်လာချင်အောင် ပြု ပြင်ပြောင်းလဲဖို့သင့်ပါတယ်။ ဥပမာ မူဝါဒတွေ ကောင်းတယ်၊ ကြိုဆိုပါ တယ်လို့ပြောပေမယ့် လျှပ်စစ်တို့၊ လမ်းတို့၊ ဆက်သွယ်ရေးတို့လို အခြေခံ အဆောက်အဦတွေ မကောင်းဘဲ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ ရင်းနှီး မြှုပ်နှံဖို့မဖြစ်နိုင်ဘူး။ ဒါကြောင့် အားလုံးကို အဘက်ဘက်က အချိန်ကိုက် ပြင်ဆင်နိုင်အောင် ကြိုးစားသင့်တယ်။ နိုင်ငံတကာက လက်ခံနိုင်တဲ့ စနစ်ရှိဖို့၊ စည်းကမ်းရှိဖို့၊ ကျင့်ဝတ်ရှိ ဖို့လိုပါတယ်”ဟု ထင်မြင်ချက်ပေးပါသည်။        

Oct 10, 2011

ထိုင်း​ရေလွှမ်း​မိုး​မှု လူ ၈ သန်း​ကျော် ​ရေ​ဘေး​ဒုက္ခ​ရောက်၊​ ၂၆၉ ဦး​ ​သေဆုံး​....ref:dvb

ထိုင်း​ နိုင်ငံ​မြောက်ပိုင်း​ကို ဦး​စွာလွှမ်း​မိုး​ခဲ့​တဲ့​ ​ရေကြီး​မှုဟာ ဘန်​ကောက်ရဲ့​ အထက်က အယုဒ္ဒယခရိုင်ကို ​ရောက်ရှိလွှမ်း​မိုး​နေကာ တနိုင်ငံလုံး​မှာ လူ ၈ သန်း​ကျော်ဒုက္ခ​ရောက်ပြီး​ ၂၆၉ ဦး​ ​သေဆုံး​သွား​ပြီလို့​သိရပါတယ်။
မြို့​နယ် ၁၆ ခုရှိတဲ့​ အယုဒ္ဒယမှာ ဒီက​နေ့​ မနက် ၃ နာရီကစပြီး​ မြို့​နယ်အား​လုံး​ ​ရေလွှမ်း​မိုး​သွား​ပြီဖြစ်ပြီး​ နှစ်ထပ်တိုက်အိမ်​တွေရဲ့​ ​ခေါင်မိုး​တွေအထိ ​ရေမြုပ်​နေတဲ့​အတွက် လူ ၃ သိန်း​ကျော် ​ရေ​ဘေး​ဒုက္ခ ကြုံ​တွေ့​နေရပါတယ်။
အယုဒ္ဒယခရိုင်အတွင်း ​ ​ရေ​ဘေး​ကျ​ရောက်​နေတဲ့​ မြန်မာလူမျိုး​တွေကို တတ်အား​သမျှ ကူညီနိုင်ဖို့​အတွက် မြန်မာလူမှု​ရေး​အဖွဲ့​တဖွဲ့​ ဘန်​ကောက်မြို့​မြန်မာ ​တွေဆီမှာ စတင်အလှူ​ငွေ ​ကောက်ခံ​နေပြီဖြစ်​ကြောင်း​ အဖွဲ့​ခေါင်း​ဆောင် ဦး​သန်း​ဖေက ​ပြောပါတယ်။
“အကုန်လုံး​ မြုပ်ကုန်ပြီ​လေ။ ကျ​နော်တို့​ပြည်ပ​ရောက်​ကျောင်း​သား​အဖွဲ့​အ​နေနဲ့​ ကျ​နော်တို့​ဗမာ​ရေ​ဘေး​ဒုက္ခသည်​တွေကို ဒီမှာကူညီ​ရေး​ရှိပါတယ်။ ကျ​နော်တို့​လော​လောဆယ် ရန်ပုံ​ငွေကမရှိဘူး​။ ဒါ​ပေမယ့်​ ဘန်​ကောက်မှာရှိ​နေတဲ့​ အလုပ်ရုံစက်ရုံ​တွေမှာ ကျ​နော်တို့​အလှူခံတာမျိုး​တွေ လုပ်ဖို့​ရှိပါတယ်။”
လော​လောဆယ်မှာ ဆက်သွယ်လို့​ရသူ​တွေကို စတင်ကူညီ ​ဆောင်ရွက်​ပေး​သွား​မယ်လို့​ဆိုပါတယ်။
ရေကြီး​မှုဒဏ်​ ကြောင့်​ အယုဒ္ဒယခရိုင်အတွင်း​က အလုပ်သမား​ ၁ သိန်း​ကျော်ရှိတဲ့​ စီး​ပွား​ရေး​ဇုန်ဟာ ဘတ်​ငွေ သန်း​ပေါင်း​ တသိန်း​ကျော်​လောက် ပျက်စီး​ဆုံး​ရှုံး​မှုရှိမယ်လို့​ ဟွန်ဒါကား​ကုမ္ပဏီက ခန့်​မှန်း​တွက်ချက် ထုတ်ပြန်ထား​ပါတယ်။
ထိုင်း​အစိုး​ ရက ​ရေလွှမ်း​မိုး​မှုကို နိုင်ငံ​တော် အ​ရေး​ပေါ်အ​ခြေအ​နေအဖြစ် သတ်မှတ်ပြီး​ ဝန်ကြီး​ဌာန ၈ ခု ပူး​ပေါင်း​ဆောင်ရွက်ဖို့​ညွှန်ကြား​ထား​ပါတယ်။
မြန်မာအလုပ်သမား ​ထောင်​ပေါင်း​များ​စွာ အလုပ်လုပ်ကိုင်​နေကြတဲ့​ ဘန်​ကောက်မြို့​ဟာ မလွှဲမ​ရှောင်သာ ​ရေလွမ်း​မိုး​မှုဒဏ်ကို ခံရဖို့​ရှိ​နေတယ်လို့​ ထုတ်ပြန်သတိ​ပေး​ထား​ပြီး​ ​ရေ​ဘေး​ဒုက္ခသည်စခန်း​ ၈၀ ကိုလည်း​ ပြင်ဆင်ထား​ပါတယ်။
နိုင်ငံ​ မြောက်ပိုင်း​ကဆင်း​လာပြီး​ အယုဒ္ဒယကိုဖြတ်သန်း​လာတဲ့​ ​ရေထု၊​ ဆက်လက်မိုး​ရွာသွန်း​နေမှု၊​ ပင်လယ်​ရေတက်ချိန်နဲ့​တိုက်ဆိုင်မှုအပြင် ဖိလစ်ပိုင်နိုင်ငံက​နေ ဖြတ်လာတဲ့​ မုန်တိုင်း​၂ လုံး​ စတာ​တွေဟာ ​နောက်သီတင်း​ပတ် အတွင်း​ ဘန်​ကောက်မှာ လာပြီး​ဆုံစည်း​နိုင်တာ​တွေ​ကြောင့်​အစိုး​ရက ထုတ်ပြန်သတိ​ပေး​ထား​တာပါ။
ထိုင်း​ နိုင်ငံမှာ ​ရေကာတာ ၃၃ခုစလုံး​နီး​ပါး​ ​ရေပြည့်​သ​လောက်ရှိ​နေပြီး​ ​ရေကာတာ ၈ ခုမှာ​တော့​ ​ရေ​တွေ လျှံထွက်​နေပြီလို့​ ထိုင်း​အစိုး​ရ ဆည်​မြောင်း​ဌာနက ​ကြေညာထား​ပါတယ်။

အောက်တိုဘာ (၁၀)ရက်နေ့ထုတ် Weekly Eleven News Journal အတွဲ (၇) အမှတ် (၂) အား Download ရယူနိုင်ပါသည်။

အောက်တိုဘာ (၁၀)ရက်နေ့ထုတ် Weekly Eleven News Journal အတွဲ (၇) အမှတ် (၂) အား Download ရယူနိုင်ပါသည်။ 
http://www.mediafire.com/?acckg955jo3mpds
http://bit.ly/niR9IQ
dl.dropbox.com

အမေရိကန်ဒေါ်လာ ၃၅၀၀ ထက် ပိုသောကားများ တင်သွင်းလာပါက ဒဏ်ကြေးငွေ သုံးဆကောက်ခံမည့် ညွှန်ကြားစာမှာ အတုသာဖြစ်ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန တာဝန်ရှိသူပြောကြား

ကားဈေးကွက်အတွင်း ဖြန့်ဝေထားသည့် အမေရိကန်ဒေါ်လာ ၃၅၀၀ ထက်ပိုသော ကားများ တင်သွင်းလာပါက ဒဏ်ကြေးငွေသုံးဆ ကောက်ခံမည့် ညွှန်ကြားစာမှာ အတုသာဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းအောင်ကျော် က ပြောကြားခဲ့သည်။
အဆိုပါ ဒဏ်ကြေးသုံးဆ ကောက်ခံမည့် စာနှင့်ပတ်သက်၍လည်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ဥပဒေဆိုင်ရာ၊ ဌာနတွင်း လုပ်ထုံးလုပ်နည်းများ ဆိုင်ရာ လုပ်ငန်းစဉ်များအတိုင်း ဆက်လက် အရေးယူဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း ညွှန်ကြားရေးမှူး ဦးသန်းအောင်ကျော်က ပြောကြားခဲ့သည်။
“ဈေးကွက်ထဲမှာ ရောက်ရှိနေတဲ့ စီးပွား/ကူးသန်း ၀န်ကြီးဌာနအနေနဲ့ ရုံးတွင်းစာလို ညွှန်ကြားစာက အတု ဖြစ်ပါတယ်။ အဲဒီအတွက် ဥပဒေ အဖွဲ့အစည်း၊ ဌာနတွင်း လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဖော်ထုတ်စုံစမ်း အရေးယူဆောင်ရွက်ဖို့ ပြင်ဆင်နေပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
ညွှန်ကြားစာတွင် နိုင်ငံတော် အမှတ်တံဆိပ်မှ စကာ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်စားရုံး အဖွဲ့မှူး တိုးအောင်မြင့်မှ လက်မှတ်ရေးထိုးထားသည့် ပုံစံဖြင့်ထွက်ပေါ် လာခြင်းဖြစ်သည်။
ယခင်ကလည်း အများပြည်သူသို့ အသိမပေးရသေးသည့် ရုံးတွင်းစာများမှာ ယခုကဲ့သို့ပင်ထွက် ပေါ်လာလေ့ရှိသည့် အတွက် အဆိုပါ စာဖြန့်ဝေစဉ် အချိန်အတွင်း စာလက်ခံရရှိသူများမှာ ယခင်ကကဲ့သို့ပင် ထင်မှတ်ကာ ယုံကြည်မိခဲ့သည်ဟု ကားဝယ်ရောင်းများကလည်းပြော ကြားခဲ့သည်။
“အများပြည်သူ သိသင့်သိထိုက်တဲ့ ကိစ္စတွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ တာဝန်ရှိသူတွေ အနေနဲ့ သတင်းမီဒီယာတွေက တစ်ဆင့်တရားဝင် ထုတ်ပြန်ပေးမယ်ဆိုရင် အခုလိုမျိုးကိစ္စတွေဖြစ်မှာ မဟုတ်ပါဘူး”ဟု Weekly Eleven News ဂျာနယ်မှ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောကြားခဲ့သည်။

Oct 9, 2011

ဒေါ်အောင်ဆန်းစုကြည်နှင့် နော်ဝေနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး H.E. Mr. Espen Barth Eide တို့တွေ့ဆုံ

w72_18
ဒေါ်အောင်ဆန်းစုကြည်နှင့် နော်ဝေနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး H.E. Mr. Espen Barth Eide
ဒေါ်အောင်ဆန်းစုကြည်နှင့် နော်ဝေနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး H.E. Mr. Espen Barth Eide ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် အောက်တိုဘာလ ၈ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်၌ တွေ့ဆုံခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် မတွေ့ဆုံမီအချိန်က ပြည်တွင်းမီဒီယာအချို့ကို ကုန်သည်ကြီးများဟိုတယ်သို့ ဖိတ်ကြားပြီး အလွတ်သဘောတွေ့ဆုံမှု ပြုလုပ်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုအပြီးတွင် Mr. Espen Barth Eide က ခရီးစဉ်နှင့်ပတ်သက်သော အတွေ့အကြုံအချို့ကို သတင်းထောက်များအား ပြောကြားခဲ့ပါသည်။
''မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ပတ်သက်လို့ အချက်နှစ်ချက် ပြောလိုပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းမှာ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ရှိခဲ့ပါတယ်။ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့တယ်။ ပါလီမန်လည်း ကျင်းပနေပါပြီ။ ဒါတွေက ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းကို တည်ဆောက်ဖို့ရာအတွက် ရှေ့ကိုသွားနေတဲ့ခြေလှမ်းတွေ ဖြစ်ပါတယ်။ အစိုးရအဖွဲ့အနေနဲ့ ဒီမိုကရက်တစ်နိုင်ငံတစ်နိုင်ငံဖြစ်လာဖို့အတွက် ဒီထက်ပိုပြီးဆောင်ရွက်စေလိုပါတယ်''ဟု Mr. Espen Barth Eide က ပြောကြားခဲ့ပါသည်။
နော်ဝေနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Espen Barth Eide သည် ကုန်သည်ကြီးများဟိုတယ်၌ ပြည်တွင်းမီဒီယာအချို့နှင့် အလွတ်သဘော တွေ့ဆုံခဲ့ရာတွင်  မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီသို့ ရှေးရှုနေသည်ဟု ယုံကြည်ကြောင်း၊  ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်နေကြောင်း၊ သို့သော်၏ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးသည် အဓိကကျသည့်ကိစ္စ ဖြစ်နေဆဲဖြစ်ကြောင်း၊ အတိုက်အခံများနှင့် အစိုးရ နှစ်ဖက်စလုံးက လက်ရှိအခြေအနေကို သိမြင်သဘောပေါက်ကာ ပြုပြင်ပြောင်းလဲရေးအတွက် အခွင့်အရေးကောင်းများကို လက်လွှတ်မခံသင့်ကြောင်း၊ ဒီမိုကရေစီဖော်ဆောင်ရေးအတွက် အရေးပါသည့် ခြေလှမ်းများလှမ်းရန် လိုအပ်ကြောင်း အစရှိသဖြင့် ပြောဆိုဆွေး နွေးခဲ့ပါသည်။
ထို့အပြင် နော်ဝေသည် မြန်မာနိုင်ငံသို့ ကမ္ဘာ့လှည့်ခရီးသွားများ လာရောက်ရန် ယခင်က အားမပေးခဲ့သော်လည်း ယခုနှစ်မေလမှစ၍ နော်ဝေနိုင်ငံသားများ မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ရန် တိုက်တွန်း အားပေးနေကြောင်း၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းနှင့် သန့်စင်စွမ်းအင်ကဏ္ဍဖွံ့ဖြိုးရေးတို့တွင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို တိုးမြှင့်ဆောင်ရွက်ခြင်းသည် ဒီမိုကရေစီအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း၊ နိုဝင်ဘာလအတွင်း နေပြည်တော်၌ သန့်စင်စွမ်းအင်ဆိုင်ရာ ဆွေးနွေးပွဲကို နော်ဝေက ဦးဆောင်ကျင်းပမည်ဖြစ်ကြောင်းနှင့် မီဒီယာများ ပိုမိုလွတ်လပ်လာရေးသည် ပွင့်လင်းလွတ်လပ်သော လူ့အဖွဲ့အစည်းကို တည်ဆောက်ရာတွင် အရေးကြီးကြောင်း အစရှိသည်တို့ကို ပြောဆိုခဲ့ပါသည်။


ELeven Journal မှ ဖော်ပြသည်။ 

မဲဆောက်-မြဝတီ ကုန်သွယ်ရေး ပြန်ဖွင့်ရန် မျှော်လင့်

http://www.bur.irrawaddy.org/index.php/news/7510-2011-10-06-09-17-24

သန်းထိုက်ဦး Thursday, 06 October 2011 16:14

ထိုင်းဝန်ကြီးချုပ် ယင့်လပ် ရှင်နာဝပ်၏ မြန်မာနိုင်ငံသို့ တရက်ကြာ ခရီးစဉ်အပြီးတွင် မြန်မာအစိုးရက တနှစ်ကျော်ကြာ ပိတ်ထားခဲ့သော မဲဆောက်-မြဝတီ နယ်စပ်ကုန်သွယ်ရေးကို တရားဝင် ပြန်ဖွင့်ခွင့်ပေးလိမ့်မည်ဟု ထိုင်းစီးပွားရေးသမားများနှင့် ရင်းနှီးမြှုပ်နှံသူများက မျှော်လင့်နေကြသည်။

မစ္စက် ယင့်လပ် ရှင်နာဝပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် မြန်မာနိုင်ငံသို့ ယမန်နေ့တွင် သွားရောက်ခဲ့ပြီး နေပြည်တော်ရှိ သမ္မတရုံး၌ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံကြောင်း၊ နယ်စပ်ကုန်သွယ်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ အရေး၊ သင်္ကန်းညီနောင်မှ ကော့ကရိတ်မြို့နယ်အထိ ကားလမ်း ဖောက်လုပ်ရေး စသည်တို့ကို ဆွေးနွေးကြောင်း ယနေ့ထုတ် အစိုးရသတင်းစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံနှင့် ကုန်သွယ်ရာတွင် ယခင်ထိုင်းအစိုးရနှင့်စာလျှင် လက်ရှိ ထိုင်းအစိုးရက ပိုမိုကောင်းမွန်သည့် နယ်စပ်စီးပွားရေး အခွင့်အလမ်းများ ဆောင်ရွက်ပေးနိုင်မည်ဟု ထိုင်းလုပ်ငန်းရှင်အများစုက မျှော်လင့်နေကြခြင်း ဖြစ်သည်။

“တံတားကိုတော့ ပြန်ဖွင့်ပေးလိမ့်မယ်လို့ မျှော်လင့်ထားတယ်။ ၀န်ကြီးချုပ်ကလည်း သွားတာ မကြာသေးတော့ ဘာမှမသိရသေးဘူး” ဟု တာ့ခ်ခရိုင် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ Bunpot Kokiatcharone က ဧရာဝတီသို့ ပြောသည်။

နယ်စပ်ရှိ ထိုင်းလုပ်ငန်းရှင်အများစုက ထိုင်း-မြန်မာ နယ်စပ် ချစ်ကြည်ရေးတံတား ပြန်ဖွင့်ပေးမည့် သတင်းကောင်းကို မျှော်နေသည်ဟုလည်း ၎င်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံမှ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၏ ပြီးခဲ့သည့်နှစ်ဆန်းပိုင်း ထုတ်ပြန်ချက်အရ ထိုင်းသည် တရုတ်နိုင်ငံပြီးလျှင် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်ထားသည့်နိုင်ငံ ဖြစ်ကြောင်း သိရသည်။

“ဒီအစိုးရက စီးပွားရေးကို ဦးစားပေးတဲ့အစိုးရ ဖြစ်တယ်။ နောက်ပြီး အစိုးရသစ်ရဲ့မူဝါဒက မြန်မာအစိုးရနဲ့ ဘာအတိုက်အခံမှ မလုပ်ဘူး၊ မြန်မာနဲ့ ဘာပြဿနာမှ ရှိမှာမဟုတ်သလို အရှိခံမှာလည်း မဟုတ်ဘူး။ ဒါကြောင့် မြန်မာဘက်က နယ်စပ်ဂိတ်ပြန်ဖွင့်မယ့် ကိစ္စနဲ့ပတ်သက်ပြီး ထိုင်းကုန်သည် အများစုက အဆင်ပြေမယ်လို့ ယုံကြည်နေကြတယ်” ဟု ထိုင်းစားသောက်ကုန်လုပ်ငန်းရှင် မစ္စတာ နိုင်ဆူချိုင်းက ပြောသည်။

ပြီးခဲ့သည့်လ ၁၉ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သော လွှတ်တော်အစည်းအဝေးတွင် မြ၀တီနယ်စပ် ကုန်သွယ်ရေးကို  ကုန်သွယ်မှု ပြုနိုင်လောက်သည့် အခြေအနေရှိမှသာလျှင် ပြန်လည်ဖွင့်ပေးနိုင်မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

မဲဆောက်-မြ၀တီ ကုန်သွယ်ရေးလမ်းကြောင်းကို မြန်မာအာဏာပိုင်များဘက်က လုံခြုံရေးအကြောင်းပြချက်ဖြင့် ယမန်နှစ် ဇူလိုင်လမှ စတင်ကာ နှစ်နိုင်ငံချစ်ကြည်ရေးတံတား အပါအ၀င် တရားမ၀င်ဂိတ် ၃၀ ခန့်ကို ပိတ်ထားလိုက်သည်။

တာ့ခ် ခရိုင်အတွင်းရှိ သောင်ရင်းမြစ် ကမ်းပါးတလျှောက်တွင် ထိုင်းဘက်အခြမ်းက ကမ်းထိန်းတမံများ ဆောက်လုပ်နေခြင်းကို မြန်မာအာဏာပိုင်များက ကန့်ကွက်သည့်အနေဖြင့် ကုန်စည်စီးဆင်းမှုများကို ပိတ်ပင်ခြင်းဖြစ်နိုင်ကြောင်း ပြောဆိုကြသည်။

ထိုင်းဘက်အခြမ်းမှ ကမ်းပါး အကာအကွယ် တမံများ ဆောက်လုပ်မှုကြောင့် ရေကြောင်းပြောင်းလဲပြီး မြန်မာဘက်ကမ်းပါး တိုက်စားနိုင်သည့်အတွက် မြန်မာအစိုးရက ကန့်ကွက်ခဲ့သည်ဟု သတင်းများအရ သိရသည်။ သို့သော် တံတားကို ဆက်လက်ပိတ်ထားရခြင်း၏ အကြောင်းအရင်းကိုမှု မြန်မာအာဏာပိုင်များက တရားဝင်ထုတ်ပြန်ခြင်း မရှိခဲ့ပေ။

ယင်းသို့ ပိတ်ထားသောကြောင့် နှစ်ဘက်ကုန်သည်များက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တရားမဝင် ကုန်သွယ်ကြရာ လစဉ်ထိုင်းဘက်မှ ကုန်ပစ္စည်း ဘတ်ငွေ သန်း ၇၀၀ ဖိုးခန့် မြ၀တီဘက်သို့ တင်ပို့ကြပြီး မြန်မာဘက်မှ ကုန်ပစ္စည်း ဘတ် သန်း ၄၀၀ ဖိုးခန့်ကို မဲဆောက်ဘက်သို့ တင်သွင်းကြကြောင်း သိရသည်။

ထိုင်းနိုင်ငံရှိ နယ်စပ်ဂိတ်များအနက် မဲဆောက်-မြ၀တီ ချစ်ကြည်ရေး တံတားဂိတ်သည် နှစ်နိုင်ငံကုန်ပစ္စည်းများ အပြန်အလှန် တင်ပို့နေသည့် ကုန်စည်စီးဆင်းမှု အကြီးဆုံးဂိတ်ဖြစ်သည်။

ကားအကောင်းတွေ လာတော့မယ်.. လမ်းအကောင်းတွေ ဘယ်မှာလဲ

724a
ကုန်လမ်းညွှန်ကြားမှု ဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် မော်တော်ကားများအနက် ယာဉ်မှတ်ပုံတင် သက်တမ်းအနှစ် ၂၀ ကျော်မှ အနှစ် ၄၀ ကျော်အထိ ရှိနေသော ကားဟောင်းများကို ပယ်ဖျက်ကာ ကားအဟောင်း အစားကားအသစ်များ အစားထိုး တင်သွင်းခွင့် ပြုတော့မည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် စက်တင်ဘာလ ၁၉ ရက်နေ့မှစ၍  ယာဉ်အပ်နှံမှုကို စတင်လက်ခံခဲ့ရာ မကြာမီ ကားအသစ်များ ၀င်ရောက် လာတော့မည် ဖြစ်သည်။
ထိုသို့ ကားမော်ဒယ်အသစ်များ ၀င်ရောက်လာသော်လည်း မြန်မာနိုင်ငံ၏ မြို့တွင်း လမ်းပမ်းဆက်သွယ်ရေး အခြေအနေနှင့် မြို့တွင်းလမ်းများ အနေဖြင့် ဆိုးရွားစွာရှိနေဆဲ ဖြစ်ကြောင်း နှင့် ကားအကောင်းစားများနှင့် လမ်းအဆိုးများမှာ စီးရန်မသင့်တော်သေးကြောင်း၊ ထို့ကြောင့် မြို့တွင်းလမ်းများကို အမြန်ဆုံးပြုပြင်ရန် လိုအပ်ကြောင်း ရန်ကုန်မြို့နေ ပြည်သူများက ဆိုပါသည်။
724
ချိုင့်ခွက်များဖြစ်ပေါ်၍ ပျက်စီးနေသော ရန်ကုန်မြို့ လမ်းပိုင်းတစ်နေရာ
“အခုဆိုရင် သက်တမ်းရင့် ကားအိုကားဟောင်းတွေ နေရာမှာ ကားသစ်တွေနဲ့ အစားထိုးလဲ ပေးတော့မယ်။ ကားသစ်တွေပေးသွင်းတာ မြို့ပြ အင်္ဂါရပ်နဲ့ ညီညွတ်အောင် တင်သွင်းခွင့်ပေးတယ်လို့ ထင်ပါတယ်။ ကားသစ်တွေက ရောက်လာပြီဆိုတော့ လမ်းကောင်းဖြစ်ဖို့ပဲ လိုတော့တယ်။ ခုဆိုရင် နေရာတော်တော်များများမှာ ကားသစ်လေးတွေ မြင်နေရပြီ။ လမ်းကောင်းတွေ မြင်ရသွားရဖို့ပဲ လိုတော့တယ်။ ဒီနှစ်မိုးတွင်းဆိုရင် ရန်ကုန်မှာ ဘယ်နားသွားသွား ချိုင့်ခွက်ကြီးတွေနဲ့။ Down town လိုနေရာမျိုးမှာတောင် လမ်းတွေပျက်နေတာ။ ကျန်တဲ့နေရာတွေဆိုရင် ပြောမနေနဲ့တော့။ မြို့ထဲကနေ အောင်မင်္ဂလာသွားတဲ့ လမ်းဆို တော်တော်ဆိုးတယ်။ အဲဒီလို လမ်းမျိုး က မြို့တွင်းမဟုတ်ပေမယ့် လမ်းကတော့ ကောင်းသင့်တယ်။ အခုတော့ မြို့တွင်းကော မြို့ပြင်ပါ တော်တော် ဆိုးဆိုးရွားရွား ပျက်စီးနေတယ်။ ဒီတော့ကားအသစ်နဲ့ လမ်းပေါက်နဲ့ ကတော့ ကြည့်လို့ကောင်းနေပြီ။ ကား အိုနဲ့လမ်းစုတ်နဲ့ တုန်းကတော့ လိုက်နေတာပဲ။ အခုကားသစ်တွေ လာတော့မယ်။ ကားသစ်နဲ့ လမ်းသစ်ဖြစ်ဖို့လိုပြီ”ဟု ရန်ကုန်မြို့ရှိ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ပါသည်။
ထိုသို့ ရန်ကုန်မြို့တွင်းရှိ လမ်းများ ဆိုးရွားစွာ ပျက်စီးနေမှုကြောင့် ယခု နောက်ပိုင်းတွင် ယာဉ်ပိုင်ရှင်များ အနေဖြင့် ကားအောက်ပိုင်းပြင်ဆင်မှုများ ပိုမိုပြုလုပ်လာရကြောင်းလည်း ကားဝပ်ရှော့များထံမှ သိရသည်။
“အခုနောက်ပိုင်းမှာ ကားအောက်ပိုင်း၊ တိုင်းလော့၊ ဘောဂျွိုင့်၊  ရှော့ဘားတွေ ခဏခဏလာပြင်ရတယ်။ အဓိကကတော့ လမ်းချိုင့်ထဲ ကို ကျပြီးဖြစ်တာ။ အရင်တုန်းကတော့ ကောင်းတဲ့လမ်းကို ရွေးမောင်း တယ်။ ဒါပေမယ့် အခုလမ်းတွေက ရှောင်မောင်းစရာ မရှိတော့ဘူး။ ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းတို့လို အဓိက လမ်းမကြီးတွေမှာတောင်မှ မကောင်းတော့ဘူး။ လမ်းတွေကောင်းမယ်ဆိုရင် ကားပြင်ဆင်စရိတ်လည်း သက်သာလာမှာပါ။ ခုတော့ ဆင်ဖိုးထက်ချွန်းဖိုး ပိုကြီးနေဆိုသလိုကား ဈေးထက် ကားပြင်ဆင်စရိတ်က ပိုကြီးနေတဲ့ အနေအထားမှာ ရှိနေပါတယ်”ဟု ကားဝပ်ရှော့ လုပ်ငန်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။
ယခုနှစ် မိုးရာသီတွင် ယာဉ်သွားယာဉ်လား များပြားသည့် လမ်းမကြီးများနှင့် လမ်းသွယ်များတွင် ချိုင့်ခွက်ကြီးများ ပိုမိုဖြစ်ပေါ်နေကြောင်းနှင့် လမ်းပြင်ဆင်မှုများ ပြုလုပ်ရာတွင်လည်း ကြာရှည်ခံနိုင်ရန်အတွက် ပြင်ဆင်ခြင်းမရှိသောကြောင့် လမ်းများမှာ မိုးရွာသွန်းပြီးနောက်ပိုင်း  ပြန်လည်ပျက်စီးခြင်းများနှင့် ပျက်စီးနေသော လမ်းချိုင့်ခွက်များကို ရှောင်၍ မောင်းနှင်ရခြင်းတို့ကြောင့် ယာဉ်ကြောပိတ်ဆို့မှု ပိုမို ကြုံတွေ့လာရကြောင်းလည်း ရန်ကုန်မြို့ခံတစ်ဦးက ပြောပြခဲ့ပါသည်။
“မိုးတွင်းမို့ လမ်းမခင်းဘဲလမ်း ပြင်တဲ့အပိုင်းပဲ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ခဏခဏ ပြန်ပျက်တယ်။ လမ်းကို ဖာတယ်။ ဒါပေမယ့် ရေထွက်ပေါက်၊ ရေစီးပေါက်ကို မပြင်ဘူး။ ဒီတော့ မိုးရွာ၊ ရေ၀ပ်ပြီးပြန်ပျက်တာပေါ့။ လမ်း တံတား အင်ဂျင်နီယာတွေက ဒါကို သိပါတယ်။ ကျွမ်းလည်းကျွမ်းကျင် ပါတယ်။ စာရေးဆရာထက်ကျော်က ဟောပြောပွဲတစ်ခုမှာ ပြောဖူးတာကို သတိရမိတယ်။ အင်ဂျင်နီယာကြီးရဲ့ သား အင်ဂျင်နီယာလေးက သူတို့ မြို့ကို ပြန်တာဝန်ကျတော့ သူငယ်ငယ်ကတည်းက ပျက်နေတဲ့ လမ်းတွေခုထိ မကောင်းသေးတဲ့အကြောင်း အဖေ အင်ဂျင်နီယာကြီးကို ပြောတော့ အဲဒီလို ခဏခဏပြင်နေရလို့ မင်းအခုလို အင်ဂျင်နီယာကြီး ဖြစ်လာတာပေါ့လို့ ပြန်ပြောတယ်။ အခုလည်း အဲဒီလိုပဲလား လို့ တွေးမိတယ်။ အခုပွင့်လင်းရာသီမှာ လမ်းတွေ ဘယ်လောက်ကောင်း လာမလဲဆိုတာ စောင့်ကြည့်ရမှာပဲ”ဟု တာမွေမြို့နယ် တောင်မြင်းပြိုင်ကွင်း လမ်းတွင် နေထိုင်သူ လူငယ်တစ်ဦးက ဆိုပါသည်။
“အသုံးစရိတ်ကို တိုင်းဒေသကြီး အစိုးရကခွင့်ပြုတဲ့ ပမာဏပဲသုံးရတယ်ဆိုရင်လည်း တကယ်လိုအပ် တဲ့ နေရာမှာပဲ သုံးစေချင်တယ်။ လူမသွားတဲ့ ပလက်ဖောင်းပြင်တာမျိုး၊ လမ်းပေါက် ကျောက်ချတာမျိုး မလုပ်စေချင်ပါဘူး။ ရရှိတဲ့ ဘတ်ဂျက်ကို အမှန်တကယ် အသုံးပြုမယ်ဆိုရင် တော့ လမ်းတွေက ပြန်လည်ကောင်းမွန်သွားပြီး ရန်ကုန်မြို့လည်း ကျက်သရေပိုရှိသွားမယ်”ဟု အငြိမ်းစား လမ်းတံတား အင်ဂျင်နီယာတစ်ဦးက ပြောပါသည်။
ရန်ကုန်မြို့တွင်းရှိ လမ်းများ နည်းတူ အဝေးပြေးလမ်းများတွင် လည်း လမ်းပျက်စီးနေမှုများကြောင့် အဝေးပြေးယာဉ်လိုင်းအချို့ ယာဉ်ထွက် ချိန်စောခြင်း၊ ယာဉ်ဝင်ချိန် နောက်ကျခြင်းများ မကြာခဏ ဖြစ်ပွားနေကြောင်းလည်း သိရှိရသည်။
ထို့ပြင် BOT စနစ်ဖြင့် လမ်းတံတားအသုံးပြုခ ကောက်ခံခြင်းလုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိသော ကုမ္ပဏီ များအနေဖြင့်လည်း သက်ဆိုင်ရာ လမ်းပိုင်းအလိုက် လမ်းပျက်စီးမှုများ ပြင်ဆင်နိုင်ရန် ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရှိရသည်။
ရန်ကုန်မြို့ရှိ ယာဉ်သွားယာဉ်လာ များပြားသော  ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်း၊ မဟာဗန္ဓုလမ်း၊ အနော်ရထာလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဘုရင့်နောင်လမ်းစသည့် လမ်းများရှိ လမ်းပေါက်များကို အမြန်ဆုံး ချက်ချင်းပြုပြင်ရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားထားကြောင်း သိရသည်။
“လမ်းဆိုတာနဲ့ ဘယ်လမ်းပဲ ဖြစ်ဖြစ်၊အဝေးပြေးလမ်းရော မြို့တွင်း လမ်းတွေပါ လမ်းကောင်းတွေပဲ ဖြစ်သင့်တာပါ။ ကားတွေကတော့ ကားသစ်ပဲဖြစ်ဖြစ်၊ ကားဟောင်းပဲဖြစ်ဖြစ်  လမ်းကောင်းကိုပဲ မောင်းချင်ကြတာပါ။ ရန်ကုန်လိုမြို့မျိုးကျတော့ အများ ပြည်သူအများဆုံး အသုံးပြုနေတဲ့၊ ဘတ်စကားလိုင်းတွေ အများဆုံးပြေး ဆွဲနေတဲ့ main road တွေက ကောင်းကို ကောင်းသင့်ပါတယ်။ နောက်ပြီး အဲဒီအဓိကလမ်းတွေကို ဆက်သွယ်ထားတဲ့ လမ်းတွေနဲ့ ရပ်ကွက်ထဲက လမ်းသွယ်အဆုံး၊ လမ်းအကုန်လုံး ကောင်းသင့်ပါတယ်။ ဘတ်စ်ကားလိုင်းတွေ မှာဆိုရင်လည်း လမ်းကောင်းမှ အများပြည်သူ သွားရလာရတဲ့ အချိန်တိုတောင်းမယ်။ အချိန်ဆုံးရှုံးမှု နည်းလို့သွားချင်တဲ့နေရာ မြန်မြန် ဆန်ဆန်ရောက်မယ်။ လမ်းမကောင်းတော့ ရုံးသူရုံးသားတွေဆိုရင် ရုံးတက်ဖို့၊ ရုံးကိုရောက်ဖို့ကိုတောင် ဘတ်စကားပေါ်မှာ အချိန်အများကြီး ပေးနေရပါတယ်။ ဒီတော့သူတို့ရဲ့ အလုပ်ချိန်တွေ ဆုံးရှုံးတယ်။ တက္ကသိုလ်ကျောင်းတွေ ကလည်း အများအားဖြင့် မြို့ပြင်မှာဆိုတော့ လမ်းတွေသာ ကောင်းမယ်ဆိုရင် ကျောင်းသူ ကျောင်းသားတွေရဲ့ trafficking hours တွေ လျော့ကျသွားမယ်။ ကျောင်းစာအပေါ်မှာ စိတ်ဝင်စားမှု ပိုကောင်းလာမယ်ပေါ့။ ဒီတော့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနဲ့ စီးပွားရေး ဒီအရေးတွေ အားလုံးက လမ်းကောင်းတွေအပေါ်မှာ အများကြီး မူတည်နေပါတယ်”ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း အထွေထွေ အတွင်းရေးမှူး ဦးကိုကိုကြီးက သုံးသပ် ပြောကြားခဲ့သည်။

ငမိုးရိပ်ချောင်းအတွင်း သွားလာနေသော မိကျောင်းအား ဖမ်းဆီးရမိခြင်း မရှိသေး၍ အဆိုပါ အနီးပတ်ဝန်းကျင်ရှိ ချောင်းမြောင်းများတွင် သတိဖြင့် သွားလာရန် အသိပေးနှိုးဆော်ထား


728
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ငမိုးရိပ်ချောင်းအတွင်းတစ်နေရာ၌ မိကျောင်းတစ်ကောင်ကို
အောက်တိုဘာလ ၃ ရက်နေ့က တွေ့ရစဉ်
၂၀၁၁ခုနှစ် အောက်တိုဘာလ ၃ရက်နေ့က ဒဂုံမြို့သစ်(တောင် ပိုင်း) မြို့နယ် ငမိုးရိပ်ချောင်းအတွင်း တစ်နေရာ၌ မိကျောင်းတစ်ကောင် တွေ့ရှိသောကြောင့် သက်ဆိုင်ရာ ဖမ်းဆီးရေးအဖွဲ့များ လိုက်လံ ရှာဖွေနေကြောင်း၊ အဆိုပါမိကျောင်း မှာ ယခုအချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေး၍ အဆိုပါအနီး ပတ်ဝန်းကျင်ရှိ ချောင်းမြောင်းများအတွင်း သတိဖြင့် သွားလာရန် အသိပေး နှိုးဆော်မှုများအား ပြုလုပ်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။
အဆိုပါ မိကျောင်းသည် အောက်တိုဘာလ ၃ ရက်နေ့က ဒဂုံ မြို့သစ်တောင်ပိုင်း၊ (၂၃)ရပ်ကွက်၊ စက်မှုဇုန်(၁)၊ မေယုလမ်းရှိ  မေယု ရေထွက်ကုန်ပစ္စည်းများ ကုမ္ပဏီလီမိတက်၏ အနောက်ဘက်ချောင်းကမ်း နားငါးသင်္ဘောဆိုက်ကပ်သည့်နေရာ အနီး၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းသို့ ဖမ်းဆီးရန် အကြောင်းကြားခဲ့ကြောင်း၊ သက်ဆိုင်ရာက လာရောက်ဖမ်းဆီး ခဲ့သော်လည်း အောက်တိုဘာလ ၇ ရက်နေ့အထိ ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သိရှိရသည်။
“ငမိုးရိပ်ချောင်းထဲမှာ မိကျောင်း လွတ်နေတဲ့အတွက်ကြောင့် အဲဒီ အနီးနား ပတ်ဝန်းကျင်ချောင်းမြောင်း တွေ၊ ငမိုးရိပ်ချောင်းနဲ့ ဆက်စပ်နေတဲ့ ရပ်ကွက်နေရာတွေမှာ ရေထဲဆင်းတဲ့ အခါ သတိနဲ့ဆင်းဖို့ သက်ဆိုင်ရာက နေ နှိုးဆော်မှုတွေ လုပ်နေပါတယ်။  ချောင်းထဲသွားလာနေတဲ့ ရေယာဉ် တွေရှိနိုင်တယ်။ ကလေးတွေလည်း ရေဆင်းကူးနိုင်တာတွေ ရှိနိုင်တယ်။ ပြီးတော့ ငါးရှာတဲ့သူတွေလည်း ရှိနိုင်တယ်လေ”ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ပြောပြခဲ့သည်။
မေယုရေထွက်ကုန် ပစ္စည်းများ ကုမ္ပဏီလီမိတက်၏ တာဝန်ရှိသူတစ်ဦးက” မိကျောင်းစတွေ့တဲ့ နေ့ ကတည်းကစပြီး သက်ဆိုင်ရာက ဖမ်းဆီးမှုတွေ၊ စောင့်ကြည့်မှုတွေ လုပ်ခဲ့ပါတယ်။ လူတွေအများကြီးနဲ့ စောင့်ဖမ်းလို့လား မသိဘူး။ မိကျောင်းက ကျွန်တော်တို့စက်ရုံနားကို ပြန်မလာတော့ဘူး။ အောက်တိုဘာလ ၇ ရက်နေ့အထိ ကျွန်တော် တို့စက်ရုံနားမှာ မိကျောင်းလုံးဝ မတွေ့ရတော့ဘူး။ ဒါပေမဲ့ စက်ရုံက အဖွဲ့တွေကိုတော့ စောင့်ကြည့်ခိုင်း ထားပါတယ်။ ကျွန်တော်တို့ စက်ရုံ က အမြင့်ပိုင်းမှာဆိုတော့  မိကျောင်း ရန်ကိုကြောက်စရာမလိုဘူး။ ဒါပေမဲ့ ကျွန်တော်တို့စက်ရုံနားမှာ ရွာတွေ ရှိတော့ အဲဒီအတွက် စိုးရိမ်တယ်”ဟု ပြောကြားခဲ့သည်။
ယင်းမိကျောင်းမှာ စက်တင်ဘာ လကုန်ပိုင်း မိုးရွာသွန်းမှု များပြားသည့်ရက်များက သာကေတ မိကျောင်းမွေးမြူရေးစခန်းမှ လွတ်မြောက်လာသော မိကျောင်းဖြစ် နိုင်သည်ဟုလည်း အနီးပတ်ဝန်းကျင်တွင် နေထိုင်သူများ ခန့်မှန်းထားကြပြီး မိကျောင်းမှာ ပေ ၈ ပေ ကျော် ခန့်ရှည်လျားကြောင်း သိရှိရ သည်။

eleven journal 

၂၀၁၁ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဗယ်ဆုကို လိုက်ဘေးရီးယားနှင့် ယီမင်မှ အမျိုးသမီးသုံးဦးပူးတွဲဆွတ်ခူး လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအားပေးထောက်ခံမှုကို အဓိကထားရွေးခြင်းဖြစ်သည်ဟု ၁၉၉၁ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် သုံးသပ်



w72_14
၁၉၉၁ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား သားဖြစ်သူက ငြိမ်းချမ်းရေးနိုဗယ်ဆုကို လက်ခံရယူနေစဉ် (Photo:AP)
ယခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဗယ်ဆုကို လိုက်ဘေးရီးယားမှ သမ္မတ အလန်ဂျွန်ဆင်ဆာလိဖ်နှင့် ငြိမ်းချမ်းရေးလှုပ်ရှားသူ လေမာဘိုဝီ၊ ယီမင်မှ လူ့အခွင့်အရေးလှုပ်ရှားသူ ဂျာနယ်လစ် တာဝါကူလ်ကာမင်းန်တို့ ပူးတွဲဆွတ်ခူးခဲ့ကြောင်း  နိုဗယ်ဆု ရွေးချယ်ရေးကော်မတီက အောက်တိုဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။
ယင်းအမျိုးသမီးသုံးဦးသည် အမျိုးသမီးများ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် အကြမ်းမဖက် အနုနည်းဖြင့် တိုက်ပွဲဝင်မှု၊ ငြိမ်းချမ်းရေး ဖြစ်တည်ရန်ကြိုးပမ်းမှုတွင် အမျိုးသမီးများ၏ အပြည့်အ၀ပါဝင်ခွင့်ဆိုသော အမျိုးသမီးအခွင့်အရေးအတွက် တိုက်ပွဲဝင်မှုတို့ကြောင့် ချီးမြှင့်ရခြင်းဖြစ်ကြောင်း နော်ဝေအခြေစိုက် ကော်မတီက ထုတ်ပြန်သည်။
ယခုနှစ် နိုဗယ်ငြိမ်းချမ်းရေးဆုအတွက် အာရပ်နွေဦးဖြစ်စဉ်တွင် အဓိကနေရာမှ ပါဝင်ခဲ့သူများရရှိမည်ဟု မျှော်လင့်ခဲ့ကြသော်လည်း ယီမင်မှ တာဝါကူလ်ကာမင်းန် တစ်ယောက်သာ အာရပ်နွေဦးနှင့် တိုက်ရိုက်ပတ်သက်သူများအနက်မှ ဆုရသူဖြစ်ခဲ့သည်။ အောက်တိုဘာလ  ၁၀ ရက် နေ့တွင် စီးပွားရေးနိုဗယ်ဆုကို ထုတ်ပြန်မည်ဖြစ်သည်။
လူ့အဖွဲ့အစည်း၏ အလွှာစုံတွင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် အမျိုးသမီးများသာ အမျိုးသားများနည်းတူအခွင့် အရေးမရခဲ့ပါက ဒီမိုကရေစီနှင့် အရှည်တည်တံ့သော ငြိမ်းချမ်းရေးတို့ ရရှိမည်မဟုတ်ဟု ကော်မတီက သုံးသပ်ခဲ့သည်။ အဆိုပါ ငြိမ်းချမ်းရေး နိုဗယ်ဆုနှင့်ပတ်သက်၍ ၁၉၉၁ ခုနှစ် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်း စုကြည်က လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အားပေးထောက်ခံမှုကို အဓိကထား ရွေးခြင်းဖြစ်ကြောင်း၊ အဆိုပါကိစ္စရပ်မှာ ကောင်းမွန်ပါကြောင်း သုံးသပ်ပြောကြားခဲ့ပါသည်။
''အမျိုးသမီးတွေ တော်တယ်။ ငြိမ်းချမ်းရေး နိုဗယ်ဆုဆိုတာကတော့ အမျိုးမျိုးပေါ့နော်။ နောက်ပြီး နိုဗယ်ဆုပေးပုံပေးနည်းကလည်း နှစ်တွေ ကြာလာတဲ့အခါ နည်းနည်းပါးပါး ပြောင်းလာတာလည်း ပါတာပေါ့။ အခုနှစ်တွေပိုင်းမှာဆိုရင်တော့ သတိထားမိတာက လူ့အခွင့်အရေးနဲ့ ပတ်သက်လို့၊ ဒီမိုကရေစီနဲ့ပတ်သက်လို့ အားပေးထောက်ခံတဲ့သူတွေကို အဓိကထားပြီး ရွေးကြတာပေါ့။ အဲဒါလည်း ကောင်းတယ်လို့မြင်တယ်လေ'' ဟု ဒေါ်အောင်ဆန်းစုကြည်က Eleven Media Group ၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့ပါသည်။
ယခုရွေးချယ်မှုသည် နိုင်ငံအမြောက်အမြားတွင် အမျိုးသမီးများအပေါ် ဖိနှိပ်မှုများအဆုံးသတ်ရေး ကူညီပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းနှင့် အမျိုးသမီးများက ကိုယ်စားပြုဆောင်ရွက်ပေးနိုင်သော ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး မဟာအရှိန်အဟုန် ကို နားလည်လက်ခံစေနိုင်လိမ့်မည်ဟု ကော်မတီက ထုတ်ပြန်သည်။ သုံးဦး ပူးတွဲဆွတ်ခူးခဲ့ခြင်းနှင့်အတူ ၁၉၀၁ ခုနှစ်က စတင်ချီးမြှင့်ခဲ့သော ငြိမ်းချမ်းရေးနိုဗယ်ဆု သမိုင်းတစ်လျှောက် မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဆုရရှိသူ အမျိုးသမီး ၁၅ ဦး အထိရှိလာခဲ့ပြီ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာပေါ်ရှိ အမျိုးသမီးများထဲတွင် အဋ္ဌမမြောက် ငြိမ်းချမ်းရေးနိုဗယ်ဆု ရရှိသူဖြစ်ပြီး အာရှအမျိုးသမီးများ ထဲတွင် မာသာထရီဇာ(အိန္ဒိယနိုင်ငံ သူခံယူထားခြင်းကြောင့်အာရှတွင် အကြုံးဝင်)ပြီးလျှင် ဒုတိယမြောက် ဖြစ်ကာ အရှေ့တောင်အာရှ အမျိုးသမီးများထဲတွင် ပထမဆုံးဖြစ်သည်။
မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်အား သူ၏အကြမ်းမဖက်သည့်နည်းဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကြိုးပမ်းလှုပ်ရှားမှုများအတွက် ၁၉၉၁ ခုနှစ် ငြိမ်းချမ်းရေးနိုဗယ်ဆုကို ချီးမြှင့်ရန် နော်ဝေနိုဗယ်ကော်မတီက ဆုံးဖြတ်ခဲ့သည်ဟု ၁၉၉၁ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့က ထုတ်ပြန်သော နိုဗယ်ကော်မတီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
Ref: CNN
ငြိမ်းချမ်းရေးနိုဗယ်ဆုရရှိခဲ့သည့် အမျိုးသမီးများ
၁၉၀၅ဘာသာဘွန်ဆက်တ်နာ (သြစတြီးယား - ဟန်ဂေရီ)
၁၉၃၁ဂျိန်းစ်အဒမ်စ် (အမေရိကန်)
၁၉၄၆အီမီလီဂရီနီဘယ့်လ်ခ်ျ (အမေရိကန်)
၁၉၇၆ဘက်တီဝီလျံ (ဗြိတိန်)
၁၉၇၆မေရိဒ်ကော်ရီဂန် (ဗြိတိန်)
၁၉၇၉မာသာထရီဇာ (မက်ဆီဒိုးနီးယားနှင့် အိန္ဒိယ)
၁၉၈၂အယ်လ်ဘာမီရ်ဒယ် (ဆွီဒင်)
၁၉၉၁ဒေါ်အောင်ဆန်းစုကြည် (မြန်မာ)
၁၉၉၂ရီဂိုဘာတာမန်ချူး (ဂွာတီမာလာ)
၁၉၉၇ဂျိုဒီဝီလျံ (အမေရိကန်)
၂၀၀၃ရှီရင်အီဘာဒီ (အီရန်)
၂၀၀၄၀န်ဂါရီမာထိုင်း (ကင်ညာ)



Eleven Journal မှတဆင့်ဖော်ပြသည်။

ကားသစ် တင်သွင်းခွင့်ပြုရေးနှင့် ကားအရောင်းပြခန်း ဖွင့်လှစ်ခွင့်ပြုရေး အစီအစဉ် ပြောင်းပြန် မဖြစ်စေရန် အစီအစဉ်အတိုင်း တစ်ဦးချင်း တင်သွင်းခွင့်ပြုပြီးမှ ကားအရောင်းပြခန်း ဖွင့်လှစ်သင့်ကြောင်း တင်သွင်းမည့်သူများ ပြောကြား

725a
ကားဟောင်းများ ပယ်ဖျက်ကာ ကားသစ် တင်သွင်းခွင့်ပြုခြင်း အစီအစဉ်အား ကြေညာချက် ထုတ်ပြန်ရာတွင် လုပ်ငန်းရှင်၊ ကုမ္ပဏီအပါအ၀င် နိုင်ငံခြားတွင် သွားရောက် အလုပ်လုပ်ကိုင်နေသူများအား တစ်ဦးချင်းကား တင်သွင်းခွင့်ပြုသည့် အစီအစဉ်ပြီးမှ ကားအရောင်းပြခန်း (Showroom) ဖွင့် ခွင့်ပြုမည့် အစီအစဉ်အား အစဉ်လိုက် ထုတ်ပြန်ထားပြီး အဆိုပါ အစီအစဉ်မှာ ပြောင်းပြန်မဖြစ်ရန် လိုသည်ဟု ကားတင်သွင်းမည့်သူများက ဆိုသည်။
အဆိုပါ အစီအစဉ်၏ ပြောင်းပြန်အနေအထားShowroom ဖွင့် ခွင့်ပြုပြီးမှ လူတစ်ဦးချင်း ကားတင်သွင်းခြင်းအား တစ်ဆင့်ချင်းဆောင်ရွက်ရန် ရှိသည်ဟု နေပြည်တော်ရှိ စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန တာဝန်ရှိသူများက အောက်တိုဘာလ ၈ ရက်နေ့တွင် ကျင်းပသည့် ကားတင်သွင်းခြင်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
စက်တင်ဘာလ ၁၁ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် သက်တမ်းကြာမြင့်နေသည့် ကားဟောင်းများ ပယ်ဖျက်ကာ ကားသစ်တင်သွင်းရေး နှင့် ပတ်သက်၍ ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ရထားပို့ဆောင်ရေး ၀န်ကြီးဌာန မှ ကားဟောင်းပယ်ဖျက်ရေးနှင့် အစားထိုးယာဉ် တင်သွင်းရေး၊ တစ်ဦးချင်း ကားတင်သွင်းခွင့်ပေးမည့် ကောင်းမွန်သော အစီအစဉ်များကို အစဉ်လိုက် ထုတ်ပြန် ပြောကြားခဲ့ပါသည်။
ထို့သို့ ထုတ်ပြန်ရာတွင် ကားဟောင်းများအား အသုတ်လိုက် ကာလ အပိုင်းအခြားဖြင့် လဲလှယ်ပေးမည့် အစီအစဉ် ပြီးစီးလျှင် နိုင်ငံခြားပို့ကုန်လုပ်ငန်း၊ ဟိုတယ်ခရီးသွားလာမှု လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း လုပ်ကိုင်သူများ၊ နိုင်ငံခြားတွင် တရားဝင်သွားရောက် အလုပ်လုပ်နေသူများနှင့် သင်္ဘောသားများကိုလည်း နိုင်ငံတော်ဘဏ် များတွင် တရားဝင် နိုင်ငံခြားငွေ စုဆောင်းထားရှိပါက ကားတင်သွင်း ခွင့်ပြုခြင်း အစီအစဉ်ကို ဖော်ပြထားပြီး ထိုသို့ပြီးစီးမှသာ ကားအရောင်းပြခန်း ဖွင့်လှစ်ခွင့်ပြုခြင်းနှင့် အနာဂတ်တွင် အများပြည်သူအား လွတ်လပ်စွာကား တင်သွင်းခွင့်ပြုခြင်းအထိ အစီအစဉ် အတိုင်း နိုင်ငံပိုင်သတင်းစာများတွင်ပါ ထည့်သွင်းဖော်ပြထားသည်။
လုပ်ငန်းရှင်ဆိုပါက မိမိ၏ နိုင်ငံခြားငွေ ဘဏ်စာရင်းတွင် အမေရိကန် ဒေါ်လာတစ်သိန်းနှင့် အထက်ပြသလျှင် ကားတစ်စီး တင်သွင်းခွင့်ပြုမည် ဖြစ်ပြီး ပြည်ပတွင် နိုင်ငံခြားငွေရရှိရန် အလုပ်လုပ်ကိုင်နေသူများ ဆိုပါက မိမိ နိုင်ငံခြားငွေ ဘဏ်စာရင်းတွင် ဒေါ်လာ ၃၀၀၀၀ ပြသရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆိုပါက ကားတင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
သို့သော် ယခုအခါ အဆိုပါ တင်သွင်းခွင့်ပေးမည့် အစီအစဉ်မှာ မည်သည့်အချိန်တွင် စတင်မည်ဆိုသည်ကိုပင် အတိအကျ မထုတ်ပြန်နိုင်သေးပဲ ထိုအစီအစဉ်ပြီးမှ ဖွင့်ခွင့်ပေးရန် ထုတ်ပြန်ထားသည့် အရောင်းပြခန်း အစီအစဉ်မှာရှေ့သို့ ရောက်လာကြောင်းလည်း သိရသည်။
725
“ပထမအဆင့် ကားဟောင်းတွေ ကို လဲလှယ်ပေးပြီး ကားပါမစ်ပြုပေးတဲ့ အစီအစဉ်ကို ဆောင်ရွက်နေပါတယ်။ ဒုတိယအဆင့်Showroom ဖွင့်ရောင်းချဖို့ကိုလည်း စီစဉ်ဆောင် ရွက်နေတာဖြစ်ပါတယ်။ လက်ရှိမှာတော့Showroom ဖွင့်ခွင့်ကို အခု ဖြေကြားတဲ့အထိ ဘယ်ကုမ္ပဏီ ဘယ်ပုဂ္ဂိုလ်ကိုမှ ခွင့်ပြုပေးထားခြင်း မရှိသေးပါဘူး။ အခု ပထမအဆင့် အနေနဲ့ ကားဟောင်းတွေ အစားထိုးလဲလှယ်ရေး အစီအစဉ်အတွက်Showroom ဖွင့် ရောင်းချမှုပြုနိုင်ဖို့ လုပ်ငန်းစဉ်တွေ ရေးဆွဲပြီး လေ့လာတင်ပြထားဆဲ ဖြစ်ပါတယ်။Showroom ဖွင့်ဖို့ လာလျှောက်ထားတာ အစောင် ၃၀ ကျော် ရှိနေပါပြီ။ ဆက်လက်လည်း လျှောက်ထားဆဲ ဖြစ်ပါတယ်။ ခွင့်ပြုမိန့်ရတဲ့ အချိန်မှာ ဆက်လက်ဆောင်ရွက် ပေးသွားမှာပါ။ ဆက်လက်ပြီး လုပ်ငန်း ရှင်၊ ကုမ္ပဏီနဲ့ နိုင်ငံခြားငွေရအောင် ပြည်ပမှာ အလုပ်လုပ်ကိုင်တဲ့ နိုင်ငံသား၊ နိုင်ငံခြား သင်္ဘောသားတွေကို လည်း ပါမစ်ထုတ်ပေးဖို့ အစီအစဉ်ကိုလည်း ဆက်လက်ပြီး တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ပေးသွားမှာပါ။ နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရှာပေး နေတဲ့ နိုင်ငံသားတွေဖြစ်လို့ သူတို့ အတွက်အစီအစဉ်လည်း ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန တာဝန်ရှိသူတစ်ဦးက အောက်တိုဘာလ ၈ ရက်နေ့တွင် ကျင်းပ သည့် ကားတင်သွင်းခွင့်များနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။
ယခုအခါ အဆိုပါဝန်ကြီးဌာန များစုပေါင်း၍ အများပြည်သူအတွက် ချမှတ်ထားသော အစီအစဉ်မှာ အစီအစဉ်အတိုင်းမဟုတ်ပဲ ပြောင်းပြန် ပြန်ဖြစ်ကြောင်း၊ အစီအစဉ်အတိုင်းသာ တစ်ဦးချင်း ကားတင်သွင်းခွင့်ပြုပြီးမှ အရောင်းပြခန်း ဖွင့်လှစ်သင့်ကြောင်း၊ သို့မှသာ ဈေးနှုန်းချိန်ညှိနိုင်ပြီး လက်ဝါးကြီးအုပ်စနစ်မှ လွတ်ကင်းမည်ဖြစ်ကြောင်း ကားတင်သွင်းမည့်သူများက သုံးသပ်ပြောကြားခဲ့ကြသည်။
“နိုင်ငံတော်က ရထားပို့ဆောင်ရေး ၀န်ကြီးဌာန အပါအ၀င် ၀န်ကြီးဌာနတွေ စုပေါင်းပြီး အစီအစဉ်ကောင်း တွေချမှတ်ခဲ့တယ်။ အခုစီးပွားကူး သန်းကပြောတဲ့အတိုင်းဆို အစီအစဉ် ကရှေ့နောက်လွဲသလိုဖြစ်နေတယ်။ လူတစ်ဦးချင်းကား တင်သွင်းခွင့် ပေးပြီးမှ အရောင်းပြခန်းဖွင့်သင့် တယ်။ ဒါမှ တစ်ဦးချင်းတင်သွင်းတဲ့ ဈေးမှန်ကို သိမယ်၊ အဲဒီဈေးမှန်ကို အခြေခံပြီး အဲဒီထက်အများပြည်သူ သက်သာအောင် ရောင်းနိုင်မယ့်သူမျိုး ကို အရောင်းပြခန်း လာဖွင့်ခွင့်ပေးရမယ်။ ဒါက အစီအစဉ်ကောင်းပဲ။ ရထား ပို့ဆောင်ရေးဝန်ကြီးဌာနနဲ့ MIC ဥက္ကဋ္ဌ တို့ကလည်း အစကတည်းက ဒီလိုပဲ စဉ်းစားချပေးခဲ့တာလို့ မြင်ပါတယ်။ တစ်ကယ်လို့ လူတစ်ဦးချင်းတင်သွင်းတာထက် ကုန်ကျစရိတ် အရမ်းသက်သက်သာသာနဲ့ အများပြည်သူဝယ်စီးရ မယ်ဆိုတဲ့ အရောင်းပြခန်းမျိုးဆိုရင်တော့ အရင်ဖွင့်ပေါ့။ ဒီလိုမှမဟုတ်ပဲ လူနည်းစု၊ ဈေးညှိလို့ရတဲ့ ကုမ္ပဏီ ၂၀၊ ၃၀လောက်ပဲ ဖွင့်ခွင့်ပေးရင်တော့ လက်ဝါးကြီးအုပ်တာမျိုးပဲ ပြန်ဖြစ်လာနိုင် တယ်”ဟု ကားတင်သွင်းမည့် လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
“အခွင့်ထူးခံတွေ ကားနဲ့ပတ်သက်ပြီး လုပ်စားနေတာ ၁၅ နှစ်လောက်ရှိ ပါပြီ။ ကျွန်တော်တို့လို သာမန်လူလတ်တန်းစားတွေကို ဒီတစ်ခါတော့ လွတ်လွတ်လပ်လပ် ကားဝယ်ခွင့်ပေးပါဗျာ။Showroom ကို အရင်ချပေးမယ်ဆိုရင် ခင်ဗျားတို့ဂွင်ရိုက်၊ ၀အီ တော့မှကျွန်တော်တို့ကို သွင်းခွင့်ပေး တာတော့ မဖြစ်သင့်ဘူး။ အခုသင်္ဘော ပြန်ဆင်းလာတဲ့ငွေလေးနဲ့ ကားအသစ် ကလေးတစ်စီးဝယ်ချင်တယ်ဗျာ”ဟု သင်္ဘော ကပ္ပတိန်တစ်ဦးကလည်း ပြောကြားခဲ့သည်။
“ရထားပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အစီအစဉ် နဲ့ စီးပွားကူးသန်းက ပြောတဲ့အစီအစဉ် ဘာကြောင့်လွဲသလဲ သိချင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သွေးရိုးသားရိုး ကွဲလွဲမှုပဲ ဖြစ်စေချင်ပါတယ်။  ကားကောင်းလဲစီးဖို့ လုပ်နေတဲ့သူတွေ အများကြီးပဲ။ သူတို့ကိုနောက်ရွှေ့ ပြီးShowroom ဖွင့်ဖို့ကို အရင်ရှေ့တင်တယ်။ အများပြည်သူလည်း ကားကောင်းစီးချင်ကြပါတယ်။ ဒီအစီအစဉ်ကို ကြိုက်ပါတယ်။ ဒါပေမယ့် ချမှတ်ထားတဲ့ အစီအစဉ်ကောင်း အပေါ်မှာမှ ကန့်သတ်ချက်ပေါင်း များစွာထပ်ရှိတဲ့အတွက် အများပြည်သူ ကားကောင်းကောင်း မစီးစေချင်တဲ့ သဘောလိုဖြစ်နေတယ်။ ကားသစ် တွေကို နိုင်ငံတကာစံနှုန်းနဲ့အညီ မစီးနိုင်ကြဘူး။ အစိုးရက စေတနာနဲ့ ချပေးတယ်၊ တစ်ချို့က မလိုအပ်ပဲ စည်းကမ်းချက်တွေ အများကြီးထုတ်ပြီးလုပ်ကြတယ်။ ကျွန်တော်တို့ ဘာကြောင့် ကားနဲ့ပတ်သက်တဲ့ သတင်းတွေမှာ ထောက်ပြနေရတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိစေချင်တယ်။ Showroom အရင်ဖွင့်ပြီး ဈေးကြီး ကြီးတင်ခဲ့ရင် ဒါဟာ အများပြည်သူကို ကားကောင်းကောင်းမစီးစေချင်လို့ လက်ဝါးကြီးအုပ်ချင်လို့ပဲ။ ကျွန်တော်တို့ ထောက်ပြတယ် ဆိုတာတောင် ကိုယ်တွေ့ကြုံမှ သက်သေ အထောက်အထား ခိုင်လုံမှ ထောက်ပြလို့ရတာပါ” ဟု Weekly Eleven ဂျာနယ်မှ အယ် ဒီတာချုပ် ကိုဝေဖြိုးကပြောကြားခဲ့ပါသည်။
“ဈေးမှန် ဘယ်ဈေး၊ အခြေခံ ဈေးက ဘာကိုယူမယ်၊ ကိုယ့်ပြည်သူတွေ သက်သာမယ်ဆိုတာမျိုး သေချာမလုပ်ရသေးပဲ အရောင်းပြခန်းဖွင့် ခွင့်ပေးရင်တော့ စက်သုံးဆီ အရောင်းဆိုင်တွေလို လက်ဝါးကြီးအုပ် ဈေးကွက်ပဲ ဖြစ်မှာပဲ။ ဒီနေ့ ဒေါ်လာဈေး တက်တယ်ဆိုရင် နောက်နေ့စက်သုံးဆီဈေးတွေကို ချက်ခြင်း ခုန်တက်လိုက်ကြတယ်။ နိုင်ငံတကာ ဈေးကျတယ်၊ ဒေါ်လာဈေးကျတယ် ဆိုရင်တော့ အရင်အမြင့်ဈေးနဲ့ ၀ယ်ထားတာတွေ မကုန်သေးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တစ်ပတ်လည်း မကျ နှစ်ပတ်လည်း မကျနဲ့ နောက်ထပ် ဒေါ်လာဈေးပြန်တက်တဲ့အထိ အချိန်ပြန်ဆွဲ လိုက်ကြသေးတယ်။ ဈေးပြန်ချပေးတယ် ဆိုတာတောင် နိုင်ငံတကာဈေး နဲ့ယှဉ်ရင်မြင့်နေသေးတာပဲ။ ဒါက ဈေးညှိလို့ရနိုင်တဲ့ လူနည်းစုကိုပဲ ချပေးခဲ့လို့ပါ။ အခုလည်း အဲဒီလိုပဲ အရင်က ကားတင်သွင်းမှုနဲ့ အကျိုးအမြတ်ကြီးခဲ့တဲ့ ရရင်ရသလို အခွင့် အရေးယူခဲ့တဲ့ လုပ်ငန်းရှင်တွေကိုပဲ ဖွင့်ခွင့်ပေးမယ်ဆိုရင် ဈေးညှိလို့ရတဲ့ လူနည်းစုကိုပဲ ပေးမယ်ဆိုရင် ကျွန် တော်တို့ကတော့ လက်ဝါးကြီးအုပ်ခံရတဲ့ အနေအထားနဲ့ပဲ ကြုံကြရမှာပဲ။ အခုကားကိစ္စလည်း ဒီလိုပဲကောင်းပါတယ်ဆိုတဲ့ အစီအစဉ်တွေကို အပေါ်ကချတယ်။ အောက်က အဆင့်ဆင့်ရှုပ်ထွေးတဲ့ စနစ်တွေပြန်ထား လုပ်ကြတော့ ခက်ကုန်တာပေါ့။ အခု အရောင်းပြခန်း အရင်ဖွင့်ရင်တော့ ဖွင့်ခွင့်ရတဲ့သူတွေက ရသမျှအရင် ဈေးတင်ပြီးလုပ်ကြဦးမှာပဲ။ လူတစ်ဦးချင်းကို အရင်ပေးတာက အရင်ဆုံး ဈေးမှန်အခြေခံဈေးကို ရရှိစေတယ်။ သူတို့ထက် သက်သာတဲ့ ဈေးနဲ့ ဖွင့်ခွင့်ပေးမှ အများပြည်သူ တစ်ကယ် မသက်သာဘူးလား။ အခုShowroom ဖွင့်ခွင့် လျှောက်ထားတာ အစောင် ၃၀ ကျော်ရှိတယ်ဆို တာတောင် ခုမှ သိကြရတာ။ ဘယ်တုန်းက လျှောက်ခွင့်ပေးမှန်းတောင် လုပ်ငန်းရှင်အများစု မသိရဘူး”ဟု ပို့ကုန်လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။
“နှစ်ပေါင်းများစွာ အခွင့်ထူးရနေတဲ့ Cronies တွေဟာ ခေတ်ပြောင်းစနစ်ပြောင်းမှာ ခုထက်ထိ အကျင့် မပျောက်နိုင်ကြသေးပဲ လူထုကို ဂုတ်သွေးစုပ်ဖို့ ကြံနေတုန်းပဲ။ အရင်တုန်းက ကားကို ဦးပိုင်နဲ့ မြန်ဂုဏ်မြင့်တို့နဲ့ ပိုင်တဲ့သူတွေကတစ်ဆင့် ဈေးကြီးပေး အောက်ကျခံဝယ်ရတယ်။ ကားသွင်းခွင့်ရတဲ့ အခွင့်ထူး ခံတွေက ကား ၁၀ စီး ၁၅ စီးလဲ လှယ်စီးနေတဲ့အချိန်မှာ သာမန် လူလတ်တန်းစားတွေက အစုတ်တွေနဲ့ လက်လုပ်လက်စားတွေက ဘတ်စ်ကားအစုတ်တွေနဲ့၊ အခုခေတ်ပြောင်း ပြီ။ သူတို့ကို ဒီအခွင့်အရေးမျိုးထပ် မပေးသင့်တော့ဘူး။ ဒါကြောင့် လူ ၃၀-၄၀ စုဖွဲ့ပြီး Showroom တွေ အရင်ဖွင့်ပြီး လက်ဝါးကြီးအုပ် ကားသွင်းတာကို ကန့်ကွက်ပါတယ်”ဟု  Weekly Eleven ဂျာနယ်မှ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောကြားခဲ့ပါသည်။   

Oct 7, 2011

မြစ်ကြီးနားတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခြင်း


ကချင်ပြည်နယ် မြစ်ကြီးနား မြို့တွင် ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့ထံမှ သတင်းရရှိပါသည်။
မြစ်ကြီးနားမြို့တွင် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့ ညပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတို့ထံမှ သိရှိရသည်။
“ညပိုင်း ၈ နာရီခွဲလောက်က ဖြစ်တာပါ။ က.ည.န ရုံးမှကွဲတာ။ တစ်ယောက်သေတယ်လို့ သိရပါတယ်”ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက အောက်တိုဘာလ ၃ ရက်နေ့က ပြောကြားသည်။
မြစ်ကြီးနားမြို့တွင် ၂၀၁၁ ခု နှစ် ဇွန်လအတွင်းကလည်း အမှတ် (၁)ရဲစခန်းနှင့် လ.၀.က ရုံးတို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ရဲစခန်းမှာ ဆိုင်ခန်းဟောင်းများတွင်သာ ပေါက်ကွဲခြင်းဖြစ်ကာ လ.၀.ကရုံးမှာ မူ ပျက်စီးထိခိုက်မှု အနည်းငယ်ရှိခဲ့သည်ဟု သိရှိရသည်။
ကချင်ပြည်နယ်အတွင်း KIA အဖွဲ့နှင့် တပ်မတော်တို့အကြား တိုက်ပွဲများဖြစ်ပွားမှုသည် ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့က စတင်ခဲ့ပြီး တိုက်ပွဲများ စတင်ဖြစ်ပွားရာ ဒေသသည် ကချင်ပြည်နယ် ဗန်းမော်ခရိုင် အတွင်းတွင် တည်ရှိသည်ဟု သိရှိရသည်။
နောက်ပိုင်းတွင် မြစ်ကြီးနား၊ ၀ိုင်းမော်မြို့များအထိပါ သက်ရောက်မှုရှိလာခဲ့ပြီး သြဂုတ်လ၊ စက်တင်ဘာလများ အတွင်းတွင်မူ အခြေအနေများ အနည်းငယ် ငြိမ်သက်နေခဲ့ကာ စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း တိုက်ပွဲများ ဖြစ်ပွားမှု ပြန်လည်ဖြစ်ပေါ်လာသည်။

သဲပုံစေတီပူဇော်ပွဲကို ကျိုက္ခမီကမ်းခြေတွင် အစဉ်လာမပျက် စည်ကားစွာကျင်းပ

b27_13
မွန်ပြည်နယ် ကျိုက္ခမီမြို့နယ် ကျိုက္ခမီကမ်းခြေတွင် သီတင်းကျွတ်လဆန်း ၃ ရက်နေ့မှ ၅ ရက်နေ့ထိ မွန်တိုင်းရင်းသားများသည် သဲပုံစေတီတော် ပူဇော်ဌာပနာပွဲအား ကျင်းပကြောင်း ဒေသခံများမှ သိရှိရသည်။

''မိုးလင်းကင်းရှင်းတဲ့  သီတင်းကျွတ်လဆန်း(၃၊ ၄၊ ၅၊)ရက်တွေမှာ နံနက်စောစော ချက်ပြုတ်ကြပြီး ဆွမ်းချိုင့်တွေနဲ့ ၇ နာရီလောက် ထွက်လာခဲ့ကြပါတယ်။ ကျိုက္ခမီကမ်းခြေကို ၈ နာရီလောက်ရောက်ပြီး သဲပုံစေတီဝိုင်းပြီး တည်ကြပါတယ်။ ပါလာတဲ့ပစ္စည်းတွေကိုလည်း ဌာပနာတယ်။ ဘုရားငါးဆူကို ရည်စူးပြီး ငါးဆူတည်ကြပါတယ်။ ရွှေစက္ကူ ကပ်၊ ထီးတော်တွေတင်ကြပါတယ်၊ အဲဒီနောက် သံဃာတော်တွေကို ပူဇော် အနေကဇာတင်ပါတယ်၊ နောက်ပြီး ကွယ်လွန်သူ အဘိုးအဘွားမိဘတွေကို မေတ္တာပို့ရေစက်ချ အမျှဝေပါတယ်၊ ပြီးတော့ ရွှေမိုးငွေမိုးရွာပြီး ဘုရားဖူးကြတယ်။ ၁၀ မိုင်ကျော်တဲ့ စက်စဲကမ်းခြေကို သွားကြပါတယ်။ အဲဒီမှာ ကလေးတွေရေကစားပြီး ညနေမှ ရွာပြန်ကြပါတယ်'' ဟု ကမာဝက်ရွာမှ ဦးဆောင်လာသူတစ်ဦးက ပြောသည်။
မွန်တိုင်းရင်းသားများသည် ယခင်က တန်ခူးလသင်္ကြန်အလွန် နှစ်ဆန်းရက်များတွင် သဲပုံစေတီ ပူဇော်လေ့ရှိပြီး ယခုအခါသီတင်းကျွတ် လဆန်းရက်များတွင်လည်း သီးခြားအနေဖြင့် ကျိုက္ခမီကမ်းခြေနှင့် စက်စဲကမ်းခြေတို့တွင် သဲပုံစေတီ များ ပြုလုပ်ပူဇော်မှု အလေ့အထ များပြားလာကြောင်း၊ ယခုနှစ်တွင် သဲပုံစေတီ ၁၄ ဆူခန့် တည်ထားပူဇော်မှု ပြုလုပ်ခဲ့ရာ ယခင်နှစ်များထက် ပိုမိုကြောင်းသိရှိရပြီး ပွင့်လင်းရာသီ အစကြောင့် မကြာမီ စတင်တော့မည့် ကျိုက္ခမီရေလယ်ဘုရားပွဲတော် အတွက် ဆိုင်ခန်းများရောက်ရှိနေကြပြီး ဘုရားဖူးဧည့်သည်တော်များနှင့် စက်စဲကမ်းခြေတို့တွင် အပန်းဖြေအနားယူသူများ စတင်ရောက်ရှိလာနေပြီဖြစ်ကြောင်း သိရှိရသည်။

ကျောက်ဆည် ပြည်သူ့ဆေးရုံဝင်းအတွင်း ရေ၀င်ရောက်မှုကြောင့် လူနာများအား အရေးပေါ် ဆင်းခွင့်ပေးခဲ့ကြောင်း သိရှိရ


4278a
အောက်တိုဘာလ ၃ ရက်နှင့် ၄ ရက်နေ့များက ဇော်ဂျီမြစ်ရေလျှံမှုကြောင့် ကျောက်ဆည် ပြည့်သူဆေးရုံ ၀င်းအတွင်း
ရေ၀င်ရောက်၍ လူနာများအား ပြောင်းရွှေ့စဉ်
အောက်တိုဘာလ ၃ ရက်၊ ၄ရက် နေ့များက ဇော်ဂျီမြစ်ရေလျှံမှုကြောင့် ကျောက်ဆည်မြို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ ကျောက်ဆည် ပြည်သူ့ဆေးရုံကြီး ၀င်းအတွင်းတွင် လည်း ရေ၀င်ရောက်မှု ဖြစ်ပေါ်ခဲ့သောကြောင့် ဆေးရုံရှိလူနာများအား ရေဘေးလွှတ်ရာ အထပ်မြင့်ကုသဆောင်များသို့ ပြောင်း ရွှေ့ခြင်း၊ စိုးရိမ်ဖွယ်မရှိသော လူနာများအား မိမိတို့နေအိမ်များသို့ ပြန်လွှတ်ခြင်း၊ ဆေးရုံဝန်ထမ်းအိမ်ရာများမှ ၀န်ထမ်းများ နေအိမ်ပြောင်းရွှေ့ခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။
ကျောက်ဆည်ဆေးရုံ ရေ၀င်နေမှုကြောင့် လူနာများအရေးပေါ်ဆင်းရန် နှင့်ပြောင်းရွှေ့ရန်အတွက် ရပ်ရွာမှလူထု အပါဝင် ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင် များနှင့် စေတနာရှင်များ လာရောက်ကူ ညီပေးကြလျက်ရှိရာ မြင်စိုင်းကျေးရွာမှ ဆေးရုံလုပ်အားပေး အရံမီးသတ်တပ် ဖွဲ့ဝင်တစ်ဦးက “ရေမလွတ်တဲ့ အဆောင်တွေကို ရေလွတ်တဲ့ အဆောင်တွေက လူနာတွေကို ပြောင်းရွှေ့ပေးနေရသလို အရေးပေါ်ဆင်းခွင့်ပေးထားတဲ့ လူနာတွေကိုလည်း အိမ်ပြန်နိုင်အောင် ကူညီပေးနေရတယ်။ အရေးပေါ်ဆင်းခွင့်ပေးတဲ့ လူနာတွေက စိတ်ချရတဲ့အနေအထား ရှိတာကြောင့် အသေအပျောက်တော့မရှိ ပါဘူး။ ဒီနေ့နေ့လည်ပိုင်းအထိ လူနာ ၁၅ယောက်လောက် ရွှေ့ပေးခဲ့ရတယ်။ နောက်ထပ်ပြန်မယ့် လူနာတွေလည်း ရှိနေသေးတယ်”ဟု ပြောကြားပါသည်။
4278b
အောက်တိုဘာလ ၃ ရက်နှင့် ၄ ရက်နေ့များက ဇော်ဂျီမြစ်ရေလျှံမှုကြောင့် ကျောက်ဆည် ပြည့်သူဆေးရုံ ၀င်းအတွင်း
ရေ၀င်ရောက်၍ လူနာများအား ပြောင်းရွှေ့စဉ်
“အမေက လေဖြတ်နေတာ ဖြစ်တဲ့အတွက် ပြောင်းရ၊ ရွှေ့ရတာ မလွယ်ကူ ပါဘူး။ သူ့ကို ပြုစုစောင့်ရှောက်ဖို့ ကလည်း မိုးထဲရေထဲမှာသွားရပြုရတာ မလွယ်ကူတာကြောင့် အိမ်ကိုပြန်ခေါ် သွားရတယ်”ဟု သပြေတောင်းကျေးရွာမှ လူနာရှင်တစ်ဦးကလည်း ပြောပါသည်။
ကျောက်ဆည်ဆေးရုံရှိ လူနာများ၏ ရေဘေးနှင့်အရေးပေါ် အခြေအနေ များအတွက် ဒေသတွင်းဆက်စပ်ရာ မြို့ ရွာများမှ စေတနာရှင်များ၊ လူမှုကူညီရေး အသင်းအဖွဲ့များက ထမင်းထုပ်၊ သောက်ရေသန့်၊ ဓာတ်ဆားထုပ်များ လှူဒါန်းကူညီမှုများ ပြုလုပ်လျက်ရှိနေကြသည်။ ရေကြီးမှုကြောင့် ကျောက်ဆည် မြို့နယ်အတွင်းရှိ ကျေးရွာများမှ လူနာများတွင်လည်း အအေးမိဖျားနာ ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ယားနာ ဖြစ်ပွားခြင်းတို့ ဖြစ်ပေါ်နေမှုကြောင့် ရေ၀င်ရွာများသို့ ရွာစဉ်လှည့်ကာ ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိသည်ဟု ကျောက်ဆည်ခရိုင်၊ ပြည်သူ့ဆေးရုံမှ တာဝန်ကျဆရာဝန် တစ်ဦးက ဆိုပါသည်။
ကျောက်ဆည်မြို့ပေါ် ရပ်ကွက်များနှင့် ပြည်သူ့ဆေးရုံဝင်း ရေ၀င်ရောက်မှုမှာ ယခုအကြိမ်သည် ထိခိုက်မှုအများ ဆုံးနှင့် ပထမဆုံးအကြိမ် ဖြစ်ကြောင်း၊ ၂၀၀၆ခုနှစ် ရေကြီးစဉ်ကပင် ယခုလောက် ထိခိုက်မှုမရှိကြောင်း မြို့ခံများ ထံမှ သိရှိရသည်။

from - weekly eleven journal

ကျောက်ဆည်ခရိုင် အတွင်း ရေကြီးရေလျှံမှုများ ဆက်တိုက်ဖြစ်ပေါ်နေ


4273a
ဒုဋ္ဌ၀တီမြစ်ကူး မြစ်ငယ်တံတားကို အောက်တိုဘာလ ၄ ရက်နေ့ကတွေ့ရစဉ်
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် အတွင်း အောက်တိုဘာလ ၃ ရက်နေ့မှစတင်ကာ ရေကြီးရေလျှံမှု များ ဆက်တိုက် ဖြစ်ပေါ်လျက်ရှိ ကြောင်း သတင်းရရှိသည်။
စက်တင်ဘာလ နောက်ဆုံးပတ်မှ စတင်၍ ဆက်တိုက်မိုးရွာသွန်းနေခြင်း ကြောင့် ကျောက်ဆည်ခရိုင်အတွင်း စီးဆင်းနေသည့် မြစ်ချောင်းများ၊ တူးမြောင်းများနှင့် ဆည်များအတွင်း၌ ရေပြည့်လျှံနေချိန်တွင် အောက်တိုဘာ ၂ ရက်နေ့ညမှ စတင်ကာ ညလုံးပေါက် မိုး အဆက်မပြတ် ထပ်မံရွာသွန်းခဲ့ရာ ကျောက်ဆည်မြို့နယ်၊ မြစ်သားမြို့နယ်၊ တံတားဦးမြို့နယ်၊ စဥ့်ကိုင် မြို့နယ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး အထူးသဖြင့် ကျောက်ဆည်မြို့နယ်နှင့် မြစ်သားမြို့နယ်များ တွင် ရေကြီးရေလျှံမှုများ ပိုမိုဖြစ်ပေါ်နေကြောင်း သိရှိရသည်။
4273b
ကျောက်ဆည်မြို့ ဇော်ဂျီမြစ်ကူးကြိုးတံတားကို အောက်တိုဘာလ ၄ ရက်နေ့က တွေ့ရစဉ်
“မြစ်သားမြို့အနီးမှာ ဖြတ်စီးတဲ့ ပန်းလောင်မြစ်ထဲမှာ စမာရေလွှဲဆည် ဆောက်ပြီးတဲ့အချိန်က စပြီး နှစ်တိုင်း မြစ်သားမြို့ဟာ ရေကြီးတော့တာပါပဲ။ ၂၀၀၆ ခုနှစ်တုန်းကဆိုရင် ပန်းလောင်ဆည်ပါ ဖောက်ချရလိုက်တဲ့ အတွက် မြစ်သားမြို့မှာ ဆိုးဆိုးရွားရွား ရေလွှမ်းမှုဖြစ်ခဲ့တယ်။ အခုလည်း မြို့မှာ တဖြည်းဖြည်း ရေမြုပ်လာလို့ အနိမ့်ပိုင်း ရပ်ကွက်ကလူတွေ ရေလွတ်ရာကို ပစ္စည်းရွှေ့တဲ့သူကရွှေ့၊ ပြောင်းတဲ့သူကပြောင်း လုပ်နေကြပြီ”ဟု မြို့ခံ တစ်ဦးက ပြောသည်။
ယင်းသို့ မကြာခဏ ရေလွှမ်းမိုးမှု များကြောင့် မြစ်သားမြို့နယ်အတွင်း စိုက်ပျိုးထားသော ကြက်သွန်ခင်းများ၊ စပါးခင်းများ၊ ဥယျာဉ်ခြံများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
“သြဂုတ်လ တုန်းကလည်း မြစ်သားမှာ ရေတစ်ကြိမ် ကြီးခဲ့ပါသေးတယ်။ အဲဒီတုန်းက ကြက်သွန်ခင်းတွေ အကုန်ရေနစ်ပျက်စီးခဲ့လို့ ဒုတိယအကြိမ် ပြန်စိုက်ထားတာ အခုနောက်ထပ်တစ်ခါ ရေမြုပ်ပြန်ပြီ။ ဒီလိုမိုးရွာတိုင်း ပျက်နေမယ်ဆိုရင် တောင်သူတွေဟာ ကြက်သွန်စိုက်ရင် ကျွန်သက်ရှည်မယ် ဆိုတာလိုဖြစ်နေပြီ။ အခု မြစ်သားမြို့နယ်ထဲမှာရှိတဲ့ ကြက်သွန်ခင်း အကုန်လုံးနီးပါး ပျက်စီးသွားခဲ့ပါပြီ။ တောင်သူအနေနဲ့ နှစ်ကြိမ်ဆုံးရှုံးပြီးပြီ ဖြစ်လို့ ဘယ်လို့မှ မဖြစ်နိုင်တော့ပါဘူး။ စားဝတ်နေရေးကိုတောင် စိုးရိမ်ရတဲ့အနေ အထားပါ”ဟုမြစ်သားမြို့နယ်အတွင်း မှ ကြက်သွန်စိုက် တောင်သူတစ်ဦးက ပြောသည်။
4273c
ကျောက်ဆည်မြို့ရှိ ဆေးရုံမှလူနာတစ်ဦးအား ပြောင်းရွှေ့ပေးရန် ပြင်ဆင်နေသည်ကို အောက်တိုဘာလ ၄ ရက်နေ့က တွေ့ရစဉ်
ကျောက်ဆည်မြို့တွင်လည်း ဇော်ဂျီမြစ်ရေလျှံမှုကြောင့် မြို့လယ်ရှိ ဇော်ဂျီမြစ်ဖြတ်တံတား ရေလွှမ်းမိုးခြင်း ခံနေရပြီး မြို့ပေါ်ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် ရေနစ်မြုပ်လျက်ရှိကြောင်း သိရှိရသည်။
စဥ့်ကိုင်မြို့နယ်တွင်လည်း ပန်းလောင်မြစ်ရေကြောင့် ကျေးရွာအများစု ရေနစ်မြုပ်လျက်ရှိပြီး ဘဲလင်းကျေး ရွာအုပ်စုတွင် ပါဝင်သော ရွာနှစ်ရွာတွင် ရေလေးပေခန့် နစ်မြုပ်လျက်ရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး၏ ပြောကြားချက်အရ သိရှိရသည်။
“ရေလွတ်ရာကိုရွှေ့ပြောင်းဖို့စီစဉ် ပေးနေပါတယ်။ မြို့နယ်ကျန်းမာရေး ဋ္ဌာနကလည်း ရေဘေးဒုက္ခသည်တွေ အတွက် လိုအပ်တဲ့ကျန်းမာရေးစောင့် ရှောက်မှုတွေ ပြုလုပ်ပေးဖို့ရောက်ရှိ နေကြပါတယ်”ဟု ဘဲလင်းကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
4273d
ကျောက်ဆည်မြို့ ကြက်မင်းတွန် ရပ်ကွက်တွင် ရေလွှမ်းမိုးမှုကို အောက်တိုဘာလ ၄ ရက်နေ့က တွေ့ရစဉ်
“အခု ရေနစ်မြုပ်နေတဲ့နေရာတွေ က ပုဂံခေတ်အနော်ရထာမင်းလက် ထက်ကတည်းက အကောင်အထည် ဖော်ခဲ့တဲ့ လယ်တွင်းကိုးခရိုင်ဒေသ ဖြစ်ပါတယ်။ ဒီဒေသမှာ ဧရာဝတီ၊ ဒုဋ္ဌ ၀တီ၊ ဇော်ဂျီ၊ ပန်းလောင်၊ စမုံ စတဲ့ မြစ်တွေစီးဆင်းနေကြပါတယ်။ ဒုဋ္ဌ ၀တီမြစ်မှာ ရဲရွာရေအားလျှပ်စစ်စက်ရုံ အတွက် ဆောက်ထားတဲ့ ရဲရွာဆည် ရှိပါတယ်။ ရာသီဥတုကလည်းတစ်နှစ် ထက်တစ်နှစ် ဖောက်ပြန်လာတော့ နှစ်တိုင်းလိုလို ရေမြုပ်နေတော့တာ ပါပဲ”ဟု မြစ်သားမြို့မှ ဒေသခံတစ်ဦး က ပြောကြားသည်။
မိုးလေ၀သနှင့် ဇလဗေဒညွှန် ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်များ အရ ပြီးခဲ့သော အောက်တိုဘာလ ၃ ရက်နေ့က ကျောက်ဆည်မြို့တွင် ရွာ သွန်းခဲ့သည့် မိုးရေချိန်မှာ ၇ ဒသမ ၅၁ လက်မရှိပြီး အနီးပတ်ဝန်းကျင် မြို့များဖြစ်သော မြစ်သားမြို့တွင် ၅ ဒသမ ၈ လက်မ၊ မန္တလေးမြို့တွင် ၄ ဒသမ ၄၁ လက်မနှင့် စစ်ကိုင်းမြို့ တွင် ၄ ဒသမ ၃၇ လက်မ ရှိကြောင်း သိရှိရသည်။
“၂၀၀၆ ခုနှစ်က ကျောက်ဆည်နဲ့ မြစ်သားဝန်းကျင်မှာ ရေကြီးခဲ့ဖူးတာ ထက် ဒီနှစ်ရေကြီးတာက ပိုဆိုးပါ တယ်။ ကျောက်ဆည်တင်မကဘဲ အနီးပတ်ဝန်းကျင် မြို့တွေပါ ရေကြီး နေတာဖြစ်လို့ တော်တော်နဲ့ရေပြန် မကျရင် နောက်ဆက်တွဲဖြစ်လာမယ့် အကျိုးဆက်တွေက ခန့်မှန်းလို့မရနိုင် ပါဘူး”ဟု မန္တလေးတိုင်းဒေသကြီး မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ၀န်းထမ်းတစ်ဦးက ပြော ကြားခဲ့ပါသည်။
 weekly-eleven မှ တဆင့်ကူးယူတင်ပြထားသည်။

Labels

 
Taunggyi Media © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here