နိဒါန်း
လွန်ခဲ့တဲ့ နှစ်ပတ်လောက်က Stem cells အကြောင်းလိုက်ဖတ်ပြီး ကမန်းကတမ်း ရေးလိုက်တယ်။ တစ်နေရာကို ပို့ပေးပြီးတော့ တာဝန်ကျေပြီလို့ ခံစားရတယ်။ ဘာပဲဖြစ်ဖြစ် တော်ဝင် ဆေးကျမ်းကြီးတွေဟာ မှန်စီရွှေချပြီး မော်ကွန်းတိုက်မှာ သိမ်းထားတဲ့ အဖြစ်က လွတ်သင့်ပြီထင်တာပဲ။ ဘယ်ဘာသာရပ် မဆို ဒီလိုပါပဲ။ ဓာတုဗေဒ တို့ ရူပဗေဒတို့လည်း ဖုန်တော်တော် တက်နေပြီ။ တစ်ဖက်ကို ဖိလွန်းတော့ တစ်ဖက်က လျော့သွားတဲ့ သဘောပဲထင်တယ်။ တော်တဲ့ လူတွေကတော့ မိုးပျံအောင်တော်တယ်။ အဲဒါက ဖြေတွေးဖြည့်တွေး ။ ဒါပေမဲ့ တစ်ခြားလူမျိုးက မြန်မာ စာလုံးတွေ ယူနီကုဒ်ဖြစ်အောင် ကလိသွားတယ် လို့ကြားတော့ အီလည်လည်ဖြစ်သွားတယ်။ ကျွန်တော်တို့ ငြင်းခုန်နေတုန်း ကွန့်သွားတာ ဖြစ်မယ်။ :P
စတမ်းဆဲလ် ဆီးချို ရိုးရာ ကွင်းဆက်
စတမ်းဆဲလ်(Stem cells) ကို ဆီးချို မှာလည်း သုံးမယ်။ ဒီလိုပြောတော့ အရပ်ထဲက နာမည်ကျော် မြန်မာ့ဆေးခါးကြီးနဲ့ ဘာကွာသလဲ။ မြန်မာ့ တိုင်းရင်းဆေး တွေလည်း စွမ်းသားပဲ မဟုတ်ဘူးလား။ ဟုတ်တယ်။ ဒါပေမဲ့ ခက်တာက မြန်မာ သမားတော်ကြီး တွေက ဇီဝဓာတုတို့ ဇီဝရူပဗေဒတို့ ဆေးဝါးဗေဒကို (ကောင်းကောင်း = နှံ့နှံ့စပ်စပ်) မတတ်ဘူး။ ရောဂါဗေဒ လည်းမတတ်ဘူး။ ခန္ဓာဗေဒလည်း ကောင်းကောင်း မတတ်ဘူး။ အဲတော့ အနောက်တိုင်း ဆေးပညာရှင်တွေနဲ့ ယှဉ်ရင် အ,သလို ဆွံ့သလိုဖြစ်နေတယ်။
ရှင်းရှင်းပြောရရင် လက်တွေ့ ဆေးကုသမှု နယ်ပယ်မှာတော့ ဟိုပညာနဲ့ ဒီဟာကို မဟုတ်တဲ့ နည်းနဲ့ မသင့်မလျော် ရောပစ်နေတာတွေ ခဏခဏ တွေ့ရတယ်။ ကပ်စတန်မာ ရိုက်ထ်(Costumer Rights) ကို နယ်တွေ ဘက်မှာ ကျင့်သုံးကုန်တယ်။ လူနာသာလျင် အမှန်။ လူနာကြိုက်အောင် ပထမဦးစားပေး ပရိုမိုးရှင်းပေးရမယ်။ အဲလိုအဲလို။
သိပ်အ လွန်းတော့လည်း မကောင်းဘူး ထင်တယ်။ ပြည်သူတွေက ရိုးသားတယ်။ လေဖြန်းကာကွယ်ဆေး ထိုးပေးမယ်ဆိုလည်း ယုံတာပဲ။ ဗိုက်ထဲက အကြိတ်ကို အံကြိတ်ပြီး ခြေပြမယ်ဆိုလည်း ယုံတာပဲ။ ဒီတော့ ဆီးချိုနဲ့ သွေးချိုနဲ့ ဘာကွာလည်း လို့မေးတဲ့ သာမန် လူက တော်တော် အဆင့်မြင့်နေပြီ။
ဆိုလိုတာက ဟိုဟာဒီဟာရှောင်ပါဆိုတဲ့ စာထက် နည်းနည်း ပိုပြီး အခြေခံကျကျ ရေးချင်လာတယ်။ တစ်ပုဒ်ရရ နှစ်ပုဒ်ရရ။ စိတ်ကူးလေးရတုန်း။ သာမန်လူနားလည်အောင် ရေးဖို့ကြိုးစားချင်တယ်။ ဒါကတော့ ဖိစီးမှုကြားထဲက နည်းနည်းလွန့်လိုက်တဲ့ သဘောပါ။ဒုတိယ အကြိမ်လူးလွန့်လိုက်တယ်။ ပြီးရင် တစ်ပတ်လောက် ကြာအောင် ပျောက်နေရဦးမယ်။
..................
သွေးချိုဆီးချို
အစားအသောက် တစ်ခုခု စားလိုက်ရင် ကာဘိုဟိုက်ဒရိတ် ဆိုတဲ့ ဓာတ် တက်လာတယ်။ အစားအသောက် ဆိုတာက လည်း ကာဗွန်နဲ့ ဟိုက်ဒရိုဂျင် အရောအနှောပဲ။ အဲတော့ ဒါတွေ ကိုယ်ထဲရောက်တော့လည်း ကာဗွန်နဲ့ ဟိုက်ဒရိုဂျင် အရော ဖြစ်တဲ့ ကာဗိုဟိုက်ဒရိတ် များလာတယ်။ သူ့ကို ဖြိုခွဲလိုက်ရင် ဂလူးကိုစ့် (Glucose/monosaccharide)ရတယ်။သူလည်း ကာဗွန် ဟိုက်ဒရိုဂျင် အောက်ဆီဂျင် အတွဲပါပဲ။ သကြားဓာတ် လို့ဆိုပါစို့ ။ သွေးထဲမှာ အဲဒီ သကြားဓာတ်များရင် ဆီးချိုလို့ခေါ်တယ်။ အမှန်က သွေးချိုလို့ခေါ်သင့်တာ။ ရှေးတုန်းက ဒီလောက် အဆင့်မမြင့်သေးတော့ ဆီးလေးငါးစက်ကို Copper 2 sulphate ဖြစ်တဲ့ ဘန်းနဒစ် အရည် (Benedict's solution) ထဲ ရောပြီး စစ်ရတာ။ ဆီးအရောင်ကို ကြည့်ပြီး စစ်ရတာ။ အစိမ်းရောင် အ၀ါရောင် လိမ္မော်ရောင်တို့ အုတ်ခဲကျိုးရောင်တို့..အနီရောင်တို့ ဆို ဆီးချိုရှိတယ်။ အပြာရောင် ဆိုမရှိဘူး။ ဒီလိုကိုး။
အဲတော့ Diabetes mellitus ဆိုတဲ့ ဆေးဘက်က လူတွေပြောတဲ့ စကားလုံးကို အရပ်ဖက်က ဆီးချိုလို့ပဲ ခေါ်လိုက်တယ်။ အမှန်က သကြားဓာတ်ဆိုတာက သွေးထဲမှာ အရင်တက်တာ။ နောက်တော့ ကျောက်ကပ်ကိုရောက် ကျောက်ကပ်ကနေ သွေးတွေကို ဆီးအဖြစ် စစ်ထုတ်။ သကြားများရင် ဆီးထဲကို ပါလာတာပေါ့။ ပါချင်မှလည်း ပါမယ်။ မပါသင့်ပဲလည်း ပါနိုင်တယ်။ ဘယ်တိကျပါ့မလဲ။ ဒီတော့ အခုတော့ သွေးကိုပဲ စစ်တယ်။ နာမည်ကတော့ ဆီးချိုပဲ ခေါ်တယ်။ ခေါ်လက်စနဲ့။ သွေးပဲချိုတယ် ဆီးမချိုဘူးဆိုတာကတော့ ဘာမှန်းမသိတဲ့ စကားပဲ။ အဲတော့ သွေးချိုတာလား ဆီးချိုတာလား ဆိုတဲ့ စကားလုံး ပညတ်တွေ က အဓိက မကျဘူး။ အဓိကက သွေးထဲမှာ သကြားဓာတ် များတာပဲ။ အဲဒီကနေ နောက်နောက် ပြသနာတွေ အများကြီးလိုက်လာတယ်။ အဲဒီပြသနာတွေတော့ အရပ်က အတော်သိကြတယ်။ နှလုံး သွေးတိုး ဆီးချို ကျောက်ကပ် စသည်..။
ဆီးချိုဖြစ်ပုံ
ဆီးချို ဆိုတာက လူ့ကိုယ်ထဲ ရှိသင့်ရှိထိုက်တဲ့ အင်ဆူလင်(Insulin) မရှိလို့ (ဒါမှမဟုတ် လုံလုံလောက်လောက် မရှိလို့ ဒါမှမဟုတ် ကိုယ်ခန္ဓာက သုံးမရနိုင်လို့) သွေးထဲမှာ ဂလူးကိုစ့်(Glucose) များနေတဲ့ ရောဂါ။ အင်ဆူလင်ဆိုတာက အမိုင်နိုအက်ဆစ်(Aminoacid)တွေ သူ့နေရာနဲ့ သူ ပေါင်းထားတဲ့ ပရိုတိန်းတစ်မျိုးပဲ။ သူ့ကို အစာအိမ် အောက်နားမှာ ဆန့်ဆန့်လေး လျောင်းနေတဲ့ ပန်ကရိယ(Pancreas)က ထုတ်တယ်။ ပန်ကရိယ မှာ ဆဲလ်အမျိုးအစား တွေ အများကြီး။ ရွေးပြောရရင် ဘီတာ ဆဲလ် (Beta cell)က ထုတ်တာ။
ဆီးချို အမျိုးအစား(၁)
တစ်ချို့က အဲဒီဆဲလ် မပါဘူး။ မျိုးရိုးဗီဇလို့ ဘာသာပြန်တဲ့ (Gene)ချို့ယွင်းလို့ပါပဲ။ တစ်ခါတစ်လေကျတော့ လူ့ခန္ဓာကိုယ်မှာ ဘက်တီးရီးယား တို့ဘာတို့ ကိုတိုက်ဖို့ ထားတဲ့ အန်တီဘော်ဒီ (Antibody) ဆိုတာမျိုးတွေက အချင်းချင်းဖြစ်တဲ့ အဲဒီ ဘီတာ ဆဲလ်ကို မှားတိုက်မိတော့ ပျက်စီးသွားပြန်တယ်။ အဲဒီဆဲလ် မရှိတော့ အင်ဆူလင် မထုတ်ဘူးပေါ့။ အင်ဆူလင် မရှိတော့ သွေးထဲမှာ သကြားဓာတ်ပမာဏ (Blood glucose level) တက်တယ်။ ရှိသင့်ရှိသင့်တာထက် ပိုတက်တယ်။ အဲဒါ ဆီးချိုပဲ။ နံပါတ် ၁ အမျိုးအစားပဲ။ အင်္ဂလိပ်လိုတော့ Type 1 Diabetes Mellitus လို့ခေါ်တယ်။
ွသွေးထဲ သကြားပမာဏ များပုံများနည်း
အစားစားတယ်။ ကာဗိုဟိုက်ဒရိတ် ဖြစ်တယ်။ နောက် ပြိုကွဲသွားတယ် ဂလူးကိုစ့်(ွူGlucose/ Monosaccharide)ဖြစ်တယ်။သကြားဓာတ် ပဲဆိုပါစို့။ ခန္ဓာကိုယ်မှာ ရှိရှိသမျှ ဆဲ လ် က သကြားဓာတ်လိုတာပဲ။ ဒီတော့ သကြားဓာတ်ကို သွေးက သယ်ပေးတယ်။ ဆဲလ်တစ်ခု ရှေ့ရောက်ရင် ဂလူးကိုစ့်ဟာ ဒီအတိုင်း ဆဲလ်ထဲဝင်လို့မရဘူး။ ဆဲလ်က သူ့ရဲ့ အမြှေးပါးနဲ့ ကာထားတယ်။ အင်ဆူလင်က လိုက်လာတယ်။ အင်ဆူလင်က အမြှေး ကို ဖြတ်ပြီးဝင်နိုင်တယ်။ အင်ဆူလင် ၀င်ရင် ဂလူးကိုစ့်က ကပ်လိုက်ပြီးဆဲလ်ထဲ ၀င်တယ်။(အလွယ်ပြောတာ)။ ဒီတော့ ဂလူးကိုစ့်က ဆဲလ်ထဲမှာ သူ့အလုပ်တွေ သူဆက်လုပ်ဖို့ အခွင့်ရသွားတော့တယ်။
အင်ဆူလင်သာ မရှိရင် ဂလူးကိုစ့်က ဆဲလ်ထဲ မ၀င်နိုင်ဘူး။ မ၀င်တော့ သွေးထဲမှာ များနေတော့တယ်။ ဆဲလ်တွေက ဂလူးကိုစ့်ကို မသုံးနိုင်ဘူး။ အလကားပဲ။သူက များသာများနေတာ။ အသုံးမကျဘူး။
အင်ဆူလင်ရဲ့ အခြားတာဝန်
နောက်တစ်ချက်က အင်ဆူလင်က အမိုင်နိုအက်ဆစ်(Aminoacid) ကနေ ပရိုတိန်း (Protein) ဖြစ်လာအောင် တည်ဆောက်တဲ့ နေရာမှာ အားပေးတယ်။ အဆီဆိုလည်း သူ့နေရာနဲ့သူ တည်ဆောက်စေတယ်။ အသည်းထဲမှာလည်း လိုရင် သုံးဖို့ ဂလူးကိုစ့်ကို ဂလိုင်ကိုဂျင်(Glycogen)ဆိုတဲ့ ပုံပြောင်းဖို့လည်း အားပေးတယ်။ ဒီတော့ အင်ဆူလင် မရှိရင် Protein တွေလည်း သိပ်မထုတ်နိုင်ဘူးပေါ့။ ဂလိုင်ကိုဂျင် လည်း သိပ်မထုတ်နိုင်တော့ဘူး။
အင်ဆူလင်အတိုက်အခံ
အင်ဆူလင် လုပ်သမျှကို ပြောင်းပြန် လိုက်တိုက်နေတဲ့ ဟော်မုန်းတွေရှိတယ်။ နမူနာ ပြောရရင် ဂလူကာဂွန်(Glucagon) တဲ့။ သူက Protein ကို ဖြိုခွဲတယ်။ အဆီ(Lipid)ကို ဖြိုခွဲတယ်။ ဂလိုင်ကိုဂျင်(Glycogen)ကနေ ဂလူးကိုစ့် ပြန်ပြောင်းတယ်။
ဒီတော့ အင်ဆူလင်သာ မရှိရင် အတိုက်အခံ သမားတွေ ခေါင်းထောင်လာတာပဲ။ ပရိုတိန်းတွေ ပြိုကွဲတယ်။ အဆီတွေ ပြိုကွဲတယ်။ ဂလိုင်ကိုဂျင်တွေ ပြိုကွဲတယ်။ အပြိုအကွဲကြီး ပြိုကွဲပြီး အဆိပ်အတောက်တွေပါ ရောပြီးထွက်လာတယ်။ နမူနာပြရရင် ကီတုန်း(Ketone bodies)လို့ခေါ်တဲ့ ပစ္စည်းပဲ။ အတော်ဆိုးတဲ့ ပစ္စည်းပဲ။ အသက်အန္တရာယ်ပေးတယ်။
ဆီးချို အမျိုးအစား(၁) (Diabetes Mellitus Type1)အတွေ့များသူများ
သူက ကလေးတွေ လူငယ်တွေမှာ ပိုဖြစ်တာများတယ်။ ၁၁နှစ်သား ၁၃ နှစ်သားလောက်မှာ လက္ခဏာတွေပေါ်လာပြီ။ လူတစ်ရာ ဆီးချိုဖြစ်ရင် ၂ယောက်လောက်က ဒီအမျိုးအစားပဲ။
လက္ခဏာ
သွေးထဲက သကြားဓာတ်က ဆဲလ်တွေထဲက ရေကို သွေးထဲရောက်အောင် ဆွဲယူတယ်။ ဒီတော့ သွေးထဲမှာ အရည်ဓာတ်များတယ်။ ဒီသွေးတွေကို ဆီးအဖြစ် စစ်ထုတ် သကြားဓာတ်ပါ ပါသွား။ သကြားဓာတ်က ဆီးထဲထပ်ရောက်တော့ သွေးထဲက ရေကို ဆီးထဲရောက်အောင် ထပ်ဆွဲပြန်တယ်။ ဒီတော့ ဆီးသွားတာ များလာတယ်။ ရေလည်း ပိုငတ်လာတယ်။ ရေသောက်တယ်။ အလွန်သောက်တယ်။ ဆီးထပ်သွားပြန်တယ်။ ဒါက တစ်ချက်။
နောက်တော့ ခန္ဓာကိုယ်က သကြားဓာတ်ကို (များသာများနေတယ်) ကောင်းကောင်းသုံးလို့မရဘူး။ ဒီတော့ ကြွက်သားတွေ အားမရှိဘူး။ ပင်ပန်းသလိုဖြစ်ဖြစ်နေတယ်။ ပိန်လာတယ်။
ကြာလာရင်
ကြာလာရင်တော့ တစ်ကိုယ်လုံးထိတာပဲ။ အာရုံကြောတွေ မျက်လုံးတွေ ခြေထောက်တွေ နှလုံးတွေ တစ်ကိုယ်လုံးမှာ မဟုတ်တာတွေ ဖြစ်ကုန်တော့တယ်။ ဘာကြောင့်ဖြစ်တာလည်း ဆိုတာကတော့ ထပ်မပြောချင်သေးဘူး။ နားရှူပ်သွားမှာစိုးရတယ်။
နိဂုံး
ခုအကြောင်းအရာက ဆီးချိုအမျိုးအစား(၁) အကြောင်းကို ရေးရိုးရေးစဉ်ကထက် အခြေခံဘက်ကိုကဲပြီး ပိုရေးကြည့်တာပဲ။ မဆိုင်တဲ့ လူတွေလည်း ဗဟုသုတ ရသွားနိုင်မယ်မျှော်လင့်ပါတယ်။ အဆင်ပြေရင်တော့ (၂)ကို ဆက်ရေးကြည့်ဦးမယ်။ နောက်တစ်ပါတ်။

TINIAN WHITE DOMINUS Price in India | TITIAN WHITE
ReplyDeleteTINIAN WHITE DOMINUS in India. It is titanium for sale a Chinese casino game, where titanium blue players play on a computer screen with their womens titanium wedding bands fingers crossed on a titanium trim wooden board. titanium paint color