ဆရာလူထုစိန်ဝင်း
ဧရာဝတီနဲ့ ဆက်နွယ်တဲ့ကိစ္စမှာ သမ္မတကြီးဦးသိန်းစိန်ကို ရာနှုန်းပြည့် သဘောကျခဲ့တယ်။ အခုလည်း ဧရာဝတီကိစ္စလို မိဘဆွေမျိုးသားချင်းတွေက ရာနှုန်းပြည့် မျှော်လင့်ခဲ့ကြတယ်။ သမ္မတကြီး ဦးသိန်းစိန်ကို မျှော်လင့်ခဲ့ကြတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ဂျာနယ်မှာ ခဏကြီးမဟုတ်ပါဘူး၊ ခဏလေးပါဆိုတဲ့ ဆောင်းပါးရေးခဲ့တယ်။ အရပ်သားအစိုးရကို မထောက်ခံသေးဘူး။ သမ္မတဦးသိန်းစိန်ရဲ့ အရပ်သားအစိုးရကို စောင့်ကြည့်နေတယ်ဆိုတာ ထည့်ရေးခဲ့တယ်။ အဲဒီမှာပဲ စံထားတဲ့အချက်သုံးချက်ကို ပြောခဲ့တယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေး မပေး၊ ပြည်တွင်းစစ် ချက်ချင်းရပ်စဲ မစဲ၊ နောက်တစ်ခုကတော့ ဧရာဝတီကိစ္စရပ်စဲရေးဆိုပြီး ပြောခဲ့တယ်။ အဲဒီနောက်မှာ ဧရာဝတီကိစ္စကို ပြည်သူတွေရဲ့ ဆန္ဒကိုလိုက်လျောပြီး သမ္မတကြီးဦးသိန်းစိန်က ရပ်စဲခဲ့တဲ့အတွက် လူသိရှင်ကြားထုတ်ဖော်ပြီး ကျေးဇူးတင်ကြောင်း ပြောခဲ့တယ်။ ဒါပေမယ့် အခုကိစ္စမှာတော့ . . . ဇာဂနာနဲ့ ရှမ်းအမျိုးသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ဆေထင်တို့ကို လွှတ်ပေးခဲ့တာကို ၀မ်းသာတယ်။ သူတို့လိုပဲ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ အခြားတိုင်းရင်းသား ခေါင်းဆောင်တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ မေတ္တာရပ်ခံချင်တယ်။ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကိစ္စ ဒီလူတွေပါဖို့ လိုအပ်တယ်။ သမ္မတကြီးဦးသိန်းစိန်လည်းပြောခဲ့တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို မထောက်ခံတဲ့သူတွေနဲ့တောင် လက်တွဲဆောင်ရွက်ဖို့ နည်းလမ်းရှာမယ်ဆို ပြောခဲ့တယ်။ အဲဒီလူတွေ မပါဘဲနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ဆောင်ရွက်မယ်ဆိုရင် ပြည်ထောင်စုစစ်စစ် မဖြစ်နိုင်ဘူး။ စစ်မှန်ပြီး ရေရှည်တည်တံ့တဲ့ ပြည်ထောင်စုဖြစ်ဖို့ဆိုရင် ဒီလိုတွေပါရမယ်။
ဒေါက်တာသန်းထွဋ်အောင် (CEO, Eleven Media Group)
‘အခုလိုလွှတ်ပေးတာဝမ်းသာပါတယ်။ ဒါပေမယ့် International Image ကိုမြှင့်ပေးနိုင်မယ့် သူတွေကိုထပ်လွှတ်ဖို့ လိုသေးတယ်။ ဒေါ်အောင်ဆန်း စုကြည်နည်းတူ အစိုးရနဲ့ တန်းတူရည်တူ ပူးပေါင်းဆောင်ရွက်နိုင်မယ့် သူတွေလွတ်မှသာ ပြီးပြည့်စုံတဲ့ Amnesty ဖြစ်ပါလိမ့်မယ်။ သူရဲကောင်းပုဂ္ဂိုလ်ရေးဝါဒ ထက် professional politic ကို လုပ်ကိုင်ရမယ့်အချိန်မှာ စိတ်ဓာတ်ယုံကြည်ချက်ခိုင်မာပြီး သံတမန်ဆန်တဲ့ ညှိနှိုင်းလုပ်ကိုင်လိုစိတ်ရှိတဲ့သူတွေကို လွှတ်ပေးရင် ကျွန်တော်တို့ သတင်းမီဒီယာတွေ အပါအ၀င် လူထုရဲ့အကြွင်းမဲ့ ထောက်ခံမှုကိုရမှာပါ။ အစိုးရရဲ့ပြုပြင် ပြောင်းလဲရေးခရီးအတွက် အင်အားတွေရလာမှာပါ။ မေတ္တာရပ်ခံပါတယ်။ သူတို့ကို အမြန်ဆုံးလွှတ်ပေးပါ။
ဆရာမောင်မိုးသူ
‘အစိုးရအနေနဲ့ ဒီလိုလွှတ်ပေးတဲ့အပေါ်မှာ ၀မ်းသာတာပေါ့ဗျာ။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရတဲ့ အကျဉ်းသားအနေနဲ့ ထောင်ထဲမှာ ခုနစ်နှစ်နေခဲ့ကြတာပဲ။ ဆိုကြပါစို့ ဒီမိုကရေစီလမ်းကြောင်းကိုသွားကြမယ်ဆိုအဓိကအားဖြင့် ယုံကြည်ချက်ကြောင့် အကျဉ်းချခံခဲ့ရတဲ အကျဉ်းသားအားလုံး ကိုလွှတ်ထိုက်တယ်လို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။ လွှတ်လည်း လွှတ်စေချင်ပါတယ်။ လွှတ်ပါလိမ့်မယ်လို့လည်း ကျွန်တော့်အနေနဲ့ မျှော်လင့်ထားပါတယ်။ အခုလို သမ္မတက လွှတ်ပေးတဲ့အပေါ် ၀မ်းသာစရာရှိတာ ၀မ်းသာပါတယ်’
ဦးအောင်လွင် (အနုပညာရှင်)
‘နိုင်ငံတော်အစိုးရ အပြောင်းအလဲဖြစ်သွားပြီလို့တော့ ယူဆရတာပေါ့။ နှစ်ပေါင်းများစွာ မျက်ခြေပြတ်ခဲ့ကြတယ်။ မိသားစုနဲ့ တစ်ကွဲတစ်ပြားနေခဲ့ကြရတယ်။ အဲဒီလို အနေအထားကနေ နိုင်ငံတော်အနေနဲ့ လွှတ်ပေးတဲ့အတွက် ၀မ်းလည်းနည်းတယ်။ ၀မ်းလည်းသာပါတယ်။ လက်ရှိလွှတ်ပေးတဲ့ ပုဂ္ဂိုလ်များကိုလည်း သာဓုခေါ် ပါတယ်လို့ ပြောချင်ပါတယ်’
အရိုင်း (အနုပညာရှင်)
‘၀မ်းသာတာပေါ့ဗျာ။ ကျွန်တော်တို့ကတော့ အားလုံးလွတ်သွားရင် ပိုဝမ်းသာတာပေါ့ဗျာ။ ထပ်ပြီးတော့လည်း တဖြည်းဖြည်းချင်းလွှတ်ပေးလိမ့်မယ်လို့ ကျွန်တော်မြင်ပါတယ်။ နောက်လူတွေလည်း တစ်သုတ်ပြီးတစ်သုတ် လွှတ်ပေးလိမ့်မယ်လို့ ထင်ပါတယ်။ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်တွေလည်း လာလိမ့်မယ်လို့ ယုံကြည်ပါတယ်’
ငှက်ပျောကြော် (အနုပညာရှင်)
‘အခုလိုလွှတ်ပေးတဲ့အတွက် ၀မ်းသာပါတယ်။ အစိုးရအနေနဲ့ ဒီလိုအပြောင်းအလဲ ဖော်ဆောင်တဲ့အခါ အခုလိုကောင်းမွန်တဲ့ အနေအထားတွေကို ဆက်လက် ထိန်းသိမ်းပြုလုပ်သွားရင် ပိုကောင်းပါတယ်။ အရပ်သား အစိုးရတက်တက်ချင်းမှာ ပထမတစ်ကြိမ်လွှတ်ပေးပြီးပြီ။ လပြည့်နေ့မှာ အခုလို လွှတ်ပေးလိုက်တာကိုလည်း အားလုံးကကြိုဆိုကြမှာပါ။ ပထမတစ်ကြိမ်တုန်းကလည်း ကြိုဆိုပြီးပြီ မြစ်ဆုံတုန်းကလည်း ကြိုဆိုပြီးပြီ။ အားလုံးကျန်တဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရတဲ့သူအားလုံးကိုပါ လွတ်ငြိမ်းချမ်းသာ ခွင့်ပေးရင်တော့ အကောင်းဆုံးပါ’
ဒေါ်သန်းဌေး (ပြန်လည်လွတ်မြောက်လာသူ ဦးမျိုးအောင်သန့်၏မိခင်)
‘ကျွန်မက အသက် ၇၅ နှစ်ရှိပြီ။ ကျွန်မသားထောင်ကျတာက ၁၄ နှစ်ကျော်ပြီ။ သမ္မတက အခုလိုလွှတ်ပေးတဲ့အပေါ်မှာ ၀မ်းသာပါတယ်။ သူတို့ကိုလည်း ကျေးဇူးတင်ပါတယ်။ အရင်က နှစ်လကိုတစ်ခေါက် ထောင်ကိုသွားနေရတာ၊ နောက်တော့ ခြောက်လကိုတစ်ခေါက် ၁၄ နှစ်လုံးလုံးထောင်ကို သွားတွေ့ခဲ့ရတာလေ’
No comments:
Post a Comment