ဒေါ်အောင်ဆန်းစုကြည်နှင့် နော်ဝေနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး H.E. Mr. Espen Barth Eide
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုအပြီးတွင် Mr. Espen Barth Eide က ခရီးစဉ်နှင့်ပတ်သက်သော အတွေ့အကြုံအချို့ကို သတင်းထောက်များအား ပြောကြားခဲ့ပါသည်။
''မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ပတ်သက်လို့ အချက်နှစ်ချက် ပြောလိုပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းမှာ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ရှိခဲ့ပါတယ်။ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့တယ်။ ပါလီမန်လည်း ကျင်းပနေပါပြီ။ ဒါတွေက ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းကို တည်ဆောက်ဖို့ရာအတွက် ရှေ့ကိုသွားနေတဲ့ခြေလှမ်းတွေ ဖြစ်ပါတယ်။ အစိုးရအဖွဲ့အနေနဲ့ ဒီမိုကရက်တစ်နိုင်ငံတစ်နိုင်ငံဖြစ်လာဖို့အတွက် ဒီထက်ပိုပြီးဆောင်ရွက်စေလိုပါတယ်''ဟု Mr. Espen Barth Eide က ပြောကြားခဲ့ပါသည်။
နော်ဝေနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Espen Barth Eide သည် ကုန်သည်ကြီးများဟိုတယ်၌ ပြည်တွင်းမီဒီယာအချို့နှင့် အလွတ်သဘော တွေ့ဆုံခဲ့ရာတွင် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီသို့ ရှေးရှုနေသည်ဟု ယုံကြည်ကြောင်း၊ ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်နေကြောင်း၊ သို့သော်၏ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးသည် အဓိကကျသည့်ကိစ္စ ဖြစ်နေဆဲဖြစ်ကြောင်း၊ အတိုက်အခံများနှင့် အစိုးရ နှစ်ဖက်စလုံးက လက်ရှိအခြေအနေကို သိမြင်သဘောပေါက်ကာ ပြုပြင်ပြောင်းလဲရေးအတွက် အခွင့်အရေးကောင်းများကို လက်လွှတ်မခံသင့်ကြောင်း၊ ဒီမိုကရေစီဖော်ဆောင်ရေးအတွက် အရေးပါသည့် ခြေလှမ်းများလှမ်းရန် လိုအပ်ကြောင်း အစရှိသဖြင့် ပြောဆိုဆွေး နွေးခဲ့ပါသည်။
ထို့အပြင် နော်ဝေသည် မြန်မာနိုင်ငံသို့ ကမ္ဘာ့လှည့်ခရီးသွားများ လာရောက်ရန် ယခင်က အားမပေးခဲ့သော်လည်း ယခုနှစ်မေလမှစ၍ နော်ဝေနိုင်ငံသားများ မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ရန် တိုက်တွန်း အားပေးနေကြောင်း၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းနှင့် သန့်စင်စွမ်းအင်ကဏ္ဍဖွံ့ဖြိုးရေးတို့တွင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို တိုးမြှင့်ဆောင်ရွက်ခြင်းသည် ဒီမိုကရေစီအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း၊ နိုဝင်ဘာလအတွင်း နေပြည်တော်၌ သန့်စင်စွမ်းအင်ဆိုင်ရာ ဆွေးနွေးပွဲကို နော်ဝေက ဦးဆောင်ကျင်းပမည်ဖြစ်ကြောင်းနှင့် မီဒီယာများ ပိုမိုလွတ်လပ်လာရေးသည် ပွင့်လင်းလွတ်လပ်သော လူ့အဖွဲ့အစည်းကို တည်ဆောက်ရာတွင် အရေးကြီးကြောင်း အစရှိသည်တို့ကို ပြောဆိုခဲ့ပါသည်။
ELeven Journal မှ ဖော်ပြသည်။
No comments:
Post a Comment