ရန်ကုန်၊ စက်တင်ဘာ - ၃၀
ပြည်သူများ၏ဆန္ဒအတိုင်းမိမိတို့အစိုးရသက်တမ်းအတွင်းတွင် မြစ်ဆုံစီမံကိန်းကိုဆက်လက်တည်ဆောက်ခြင်းမပြုစေဘဲ ရပ်ဆိုင်း သွားမည်ဖြစ်ကြောင်းနိုင်ငံတော်သမ္မတက နေပြည်တော်တွင်ကျင်းပလျှက်ရှိသောလွှတ်တော်နှစ်ရပ်သို့သ၀ဏ်လွှာပေးပို့ကာအသိပေးခဲ့ကြောင်း နိုင်ငံတော်သမတရုံးမှတာဝန်ရှိသူတစ်ဦးက7Day News သို့အတည်ပြုပြောကြားသည်။
ထိုသ၀ဏ်လွှာတွင် မှာစာမျက်နှာ ၄ မျက်နှာပါဝင်ပြီး အဓိကအားဖြင့် ပြည်သူတို့၏မြစ်ဆုံအပေါ်စိုးရိမ်ပူပန်ချက် ၅ ချက်ကို အကျယ်တ၀င့်ရေးသားထားပြီး မိမိတို့အစိုးရ အနေနှင့် ပြည်သူများက ရွေးကောက်တင်မြှောက်ထား သောအစိုးရဖြစ်သည့်အတွက် ပြည်သူ့ဆန္ဒကိုအလေးထားဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိသဖြင့် မြစ်ဆုံစီမံကိန်းကို အစိုးရသက်တမ်းအတွင်း ဆက်လက်တည်ဆောက်ခြင်းမပြုဘဲ ရပ်ဆိုင်းသွားမည့်အကြောင်းကို လွှတ်တော်များကို သ၀ဏ်လွှာပို့ကာအသိပေးခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူကပင် ဆက်လက်ပြောကြားသည်။
မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ကာ ပြည်သူများ၏စိုးရိမ်ပူပန်မှုများကို အချက်၅ချက်ဖြင့် ရေးသားထားပြီး ယင်းအချက်များတွင် သဘာဝကလက်ဆောင်ပေးထားသောကချင်ပြည်နယ်ရှိသဘာဝအမွေအနှစ်မြစ်ဆုံ နေရာပျောက်ကွယ်သွားမည်ကိုစိုးရိမ်ခြင်း၊ရေခဲတောင်များနှင့်ဆက်စပ်သောရာသီဥတုပြောင်းလဲခြင်းများဖြစ်ပေါ်ခြင်း၊အင်အားပြင်းထန်သည့်ငလျင်များလှုပ်ခတ်ပါက ပြည်သူများ၏အသက်အိုးအိမ်များပျက်စီးသွားနိုင်ခြင်း၊ ထိုဒေသရှိ ကျွန်းနှင့်ရာဘာစိုက်ခင်းများရေမြုပ်ပျက်စီးသွားနိုင်ငခြင်း၊ နှင့်အရေးအကြီးဆုံးဖြစ်သော ဧရာဝတီမြစ်ကြီး အတွက်စိုးရိမ်စရာအခြေအနေများကြုံတွေ့နိုင်ခြင်းတို့ကြောင့် ရပ်ဆိုင်းသွားရန် ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။
တရုတ်နိုင်ငံနှင့်ချုပ်ဆိုထားသောစာချုပ်နှင့်ပတ်သက်ကာ နှစ်နိုင်ငံမိတ်မပျက်အောင်သဘောတူလက်ခံသည်အထိ ညှိနှိုင်းသွားမည်ဟုလည်း သ၀ဏ်လွှာတွင်ရေးသားထားသည်။
လိုအပ်သောလျှပ်စစ်ဓာတ်အားများကိုလည်း အခြားသောနေရာများတွင် စီမံကိန်းများဖြင့် သေချာစွာလေ့လာစိစစ်ကာထုတ်လုပ်သွားနိုင်ရန် ကြိုးပမ်းသွားမည်ဟုသမတကပြောကြားထားကြောင်း နိုင်ငံတော်သမ္မတရုံးမှသိရသည်။
အေးမြကျော်
7Day News
No comments:
Post a Comment