Sep 30, 2011

ရှမ်းပြည်မျိုးဆက်သစ်လူငယ် ထောင်ဆေးရုံတက်နေရ




နှစ်ရှည်ထောင်ကျနေတဲ့ ရှမ်းပြည်မျိုးဆက်သစ်လူငယ်အဖွဲ့ဝင် စိုင်းမျိုးဝင်းထွန်း ကျန်းမာရေးမကောင်းတဲ့အတွက် ထောင်ဆေးရုံမှာ ကုသနေရတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ စိုင်းလိတ်က ပြောပါတယ်။
စိုင်းမျိုးဝင်းထွန်း (ဓာတ်ပုံ - သျှမ်းသံတော်ဆင့် )
စိုင်းလိတ်က “ကျန်းမာရေးအခြေအနေ မကောင်းဘူး။ စိတ်ထွေပြားတဲ့ရောဂါကြောင့် ဆေးရုံပေါ်ရောက်နေတာ တနှစ်နီးပါးရှိပြီ။ ပြီးခဲ့တဲ့ ၂ နှစ်က ထောင်ဆေးရုံကို ရောက်တယ် ပြန်ဆင်းသွားရင် အဲဒီရောဂါပြန်ဖောက်လာတယ်။ အခုထောင်ဆေးရုံပေါ်မှာပဲ အပြီးနေလိုက်ရတဲ့ သဘောမျိုးရှိတယ်” လို့ ပြောပါတယ်။
အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ စိုင်းမျိုးဝင်းထွန်းဟာ တရားမဝင် ရှမ်းပြည်အတိုင်ပင်ခံအဖွဲ့ ဖွဲ့စည်းရာမှာ ပူးပေါင်းပါဝင်မှု၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားမဟာမိတ်အဖွဲ့က ရေးဆွဲတဲ့ အနာဂတ်ပြည်ထောင်စုဖွဲ့စည်းပုံစာတမ်းကို ပူးပေါင်းပါဝင် ရိုက်နှိပ်ပေးမှုတွေနဲ့ ထောင်ဒဏ် ၇၉ နှစ် ချထားခံနေရတာပါ။
ဒီအမှုတွဲထဲမှာ ရှမ်းပြည်မျိုးဆက်သစ်လူငယ်အဖွဲ့က နှစ်ဦး ဖမ်းဆီးခံခဲ့ရပြီး ခေါင်းဆောင်ဖြစ်သူ ဦးမြင့်သန်းကတော့ ရခိုင်ပြည်နယ် သံတွဲထောင်ထဲမှာ ၂၀၀၆ ခုနှစ်က ကွယ်လွန်သွားခဲ့ပါတယ်။
ဦးသိန်းစိန်အစိုးရဟာ တိုင်းပြည်ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားပါက နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးရလို့ စိုင်းလိတ်က ပြောပါတယ်။
“ဦးသိန်းစိန် အစိုးရအနေနဲ့ သိသာထင်ရှားတဲ့ အပြောင်းအလဲမျိုးကို အမှန်တကယ်လုပ်မယ်ဆိုရင် ပထမဆုံးအနေနဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးမှသာ ဒီအစိုးရအပေါ်မှာ လူထုနဲ့ကမ္ဘာက အယုံအကြည်ရှိလာမယ်။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပြီးမှ အားလုံးပါဝင်သင့် ပါဝင်ထိုက်တဲ့ ပုဂ္ဂိုလ်မျိုးတွေ ပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှုမျိုးကို စတင်နိုင်မယ်။ ပြည်တွင်းမှာ စစ်မက်ဖြစ်ပွားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း ဆွေးနွေးညှိနှိုင်းဖို့ နှစ်ဦးနှစ်ဖက် အယုံအကြည်ရှိနိုင်ကြမယ်လေ။”

No comments:

Post a Comment

Labels

 
Taunggyi Media © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here