လာမည့်ကြားဖြတ်ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်ဝင်ရောက်ရန် ပါတီအမှုဆောင်အဖွဲ့နှင့်တိုင်ပင်ရဦးမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသည်။
ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်ရောက်နိုင်ရန်အစိုးရဘက်မှမူဝါဒရေးရာပြင်ဆင်ပေးခဲ့ပါက ၀င်ရောက်ရန် ရှိ မရှိ သတင်းထောက်တစ်ဦး၏မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်ကအထက်ပါအတိုင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
ဦးအောင်ကြည်ကမူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဥပဒေနှင့်အညီမှတ်ပုံတင်ပြီးပါက ပါတီနှင့်လက်တွဲဆောင်ရွက်သွားရန်ရှိကြောင်းဖြေကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရကိုယ်စားလှယ်ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ ၁နာရီကျော်ကြာတွေ့ဆုံခဲ့ပြီးမီဒီယာများ၏မေးမြန်းချက်ကို အထက်ပါအတိုင်းဖြေကြားခဲ့ကြခြင်းဖြစ်သည်။
တွေ့ဆုံမှုတွင် ဧရာဝတီမြစ်ကြောင်းထိန်းသိမ်းရေးအတွက်နှစ်ဖက်ပူးပါင်းဆောင်ရွက်နိုင်ရေးကိစ္စ၊နိုင်ငံတော်သမ္မတကလွတ်ငြိမ်ချမ်းသာခွင့်ပေးရန်စဉ်းစားဆောင်ရွက်နေသည့်ကိစ္စနှင့် လက်နှက်ကိုင်ကိစ္စ နှင့်ပြည်တွင်းတည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေးအတွက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စတို့ကိုဆွေးနွေးခဲ့ကြောင်း ဦးအောင်ကြည်ကကြေငြာချက်တွင်ထည့်သွင်းဖတ်ကြားသည်။
ယနေ့နံနက်ပိုင်းကပင် နိုင်ငံတော်သမ္မတဦးသိန်းစိန်က မြစ်ဆုံးစီမံကိန်းကို ၄င်းအစိုးရလက်ထက်တွင်ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နေပြည်တော်တွင်ကျင်းပနေသောလွှတ်တော်နှစ်ရပ်သို့ သ၀ဏ်လွှာပေးပို့အသိပေးအကြောင်းကြားခဲ့သည်။
ယခုတွေ့ဆုံမှုသစ်အစိုးရသစ်လက်ထက် ဦးအောင်ကြည်နှင့် တတိယမြောက်တွေ့ဆုံမှုဖြစ်ပြီး နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည် တို့ ပထမဆုံးအကြိမ် တွေ့ဆုံမှုအပြီး တွေ့ဆုံဆွေးနွေးမှုများငြိမ်သက်သွားခဲ့ရမှာ ယခုဦးအောင်ကြည်နှင့် စိမ်းလဲ့ကန်သာဧည့်ဂေဟာတွင် နေ့လည် ၁နာ၇ီမှ ၂ နာရီ ၁၇ မိနစ်အထိတွေ့ဆုံခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment